ရှမ်းပြည်နယ် မူးယစ်ဆေး ပြဿနာအ လုပ်ရုံ ဆွေးနွေးပွဲ ကျင်းပ
2015.12.21

မြန်မာနိုင်ငံ ရှမ်းပြည်နယ်မှာ မူးယစ်ဆေးဝါး ထုတ်လုပ် ရောင်းချမှု ပြဿနာ ကြီးထွားလာတဲ့အတွက် ကိုလံဘီယာနိုင်ငံ အခြေစိုက် Transnational Institute (TNI) အဖွဲ့နဲ့ ပအိုဝ်းလူငယ်အစည်းအရုံး (PYO) တို့ပူးပေါင်းပြီး ငြိမ်းချမ်းရေး ပဋိပက္ခနဲ့ မူးယစ်ဆေးဝါးဆိုတဲ့ ခေါင်းစဉ်နဲ့ အလုပ်ရုံဆွေးနွေးပွဲကို တောင်ကြီးမြို့ Classic ခန်းမမှာ မနေ့က ပြုလုပ် ပါတယ်။
မူးယစ်ဆေးဝါးပြဿနာတွေ ဖြေရှင်းတဲ့အခါမှာ လာမယ့် ပြည်ထောင်စုအစိုးရက ဦးဆောင်ပြီး နိုင်ငံရေးဆွေးနွေးပွဲမှာလည်း ထည့်သွင်းဆွေးနွေးဖို့ အတွက် တောင်းဆိုတယ်လို့ ပအိုဝ်းလူငယ်အစည်းအရုံးအဖွဲ့ဝင် ခွန်ဦးက ပြောပါတယ်။
"ဘိန်းနဲ့ ဆက်နွယ်နေတဲ့ ခရိုနီတွေလည်းရှိပါတယ်၊ သူတို့ မူဝါဒအရ၊ စီးပွားရေးအရ အကြီးအမားကိုင်တဲ့သူတွေကို လည်း ကျနော်တို့ချည်းကပ်ပြီးတော့ အဖြေရှာသွားဖို့လိုအပ်တယ်၊ အဲ့တော့ နိုင်ငံရေးဆွေးနွေးပွဲဖြစ်လာခဲ့သည် ရှိသော် ဒါကိုလည်း ဆွေးနွေးပေးစေချင်တယ်၊ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ဆွေးနွေးဖြစ်မယ်ဆိုရင်လည်း ထည့်ဆွေးနွေးစေချင်တယ်၊ NCA မှာတော့ အားလုံးပါဝင်ရေးမဖြစ်တဲ့အခါလည်း ဆွေးနွေးပါ၊ အားလုံးပါဝင်တဲ့အခါ မှာလည်း ဆွေးနွေးပါ၊ ဒီကိစ္စက တချိန်လုံး တွန်းသွားရမယ့်အလုပ်တစ်ခုပါပဲ"
ဒီ ဆွေးနွေးပွဲမှာ လက်နက်ကိုင် ပဋိပက္ခနဲ့ မူးယစ်ဆေးဝါးပတ်သက်ပုံ၊ မူးယစ် ဆေးဝါးနဲ့ လူထုအတွက် ဆိုးကျိုးတွေနဲ့ မူးယစ်ဆေးဝါးပြဿနာကို ဘယ်လို ကိုင်တွယ် ဖြေရှင်းရမယ်ဆိုတာတွေကို အဓိကဆွေးနွေးကြတာဖြစ်ပါတယ်။
ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်း၊ ဆီဆိုင်၊ ဟိုပုံး၊ ဖယ်ခုံ၊ တောင်ကြီးမြို့နယ်ရှိ ဒေသခံနဲ့ အရပ်ဘက်လူမှုအဖွဲ့အစည်း ၅၀ ကျော် ဆွေးနွေးပွဲကို တက်ရောက် ဆွေးနွေးခဲ့ကြပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ အရှေ့ပိုင်းအတော်များများမှာ ဘိန်းစိုက်ပျိုးလုပ်ကိုင်တာတွေရှိသလို ရှမ်းပြည်နယ် တောင်ပိုင်း ဟိုပုံး၊ ပင်လောင်း၊ ဆီဆိုင်နဲ့ ဖယ်ခုံ မြို့နယ်တွေမှာလည်း ဘိန်းစိုက်ပျိုးမှုတွေ အများဆုံးစိုက်ပျိုးကြတယ်လို့ သိရပါတယ်။
ဒီဆွေးနွေးပွဲ အကြောင်းကို RFA သတင်းထောက် မဝေယံမိုးမြင့်က တင်ပြထားပါတယ်။