မြန်မာနဲ့ ထိုင်းနိုင်ငံသားတွေပါဝင်တဲ့ မူးယစ်ဆေးဝါးကုန်သွယ်သူတွေကို ဝ တပ်ဖွဲ့က ဖမ်းဆီးထား
2019.08.30

ရှမ်းပြည်နယ်အရှေ့ပိုင်း လွယ်လွန်းဒေသမှာ မြန်မာနဲ့ ထိုင်းနိုင်ငံသားတွေပါဝင်တဲ့ မူးယစ်ဆေးဝါး ကုန်သွယ်သူ အယောက် ၅၀ ကျော်ကို UWSA ဝ တပ်ဖွဲ့က ဖမ်းဆီးထားပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လ ၂၆ ရက်နေ့ မနက်ပိုင်းအချိန်လောက်က လွယ်လွန်းဒေသမှာ ထိုင်းနိုင်ငံသား ၁၄ ယောက်နဲ့ မြန်မာနိုင်ငံသား ၃၉ ယောက်တို့ကို လက်နက်နဲ့ မူးယစ်ဆေးဝါးတွေကို ဖမ်းဆီးရမိခဲ့တာလို့ UWSA လားရှိုးမြို့ ဆက်ဆံရေးရုံးတာဝန်ခံ ဦးညီရန်း က ပြောပါတယ်။
လွယ်လွန်းဒေသဟာ ရှမ်းပြည်နယ်အရှေ့ပိုင်းရဲ့ မူးယစ်ဆေးဝါးကုန်သွယ်ရာ လမ်းကြောင်းဖြစ်ပြီး သူတို့ကိုစစ်ဆေးချက်တွေအရ မူးယစ်ဆေးပြားပေါင်း ၁၀ သန်းဝန်းကျင်လောက်ကို ထိုင်းနယ်စပ်ဘက်မှာ ထားခဲ့တာကိုလည်း စိစစ်တွေ့ရှိရတယ်လို့ ပြောပါတယ်။
လက်ရှိ သူတို့ကို ဝ ပြည်နယ်တောင်ပိုင်းစစ်ဒေသ ၁၇၁ မှာ ဖမ်းဆီးထိန်းသိမ်းထားပြီး သူတို့ကို သက်ဆိုင်ရာ အစိုးရဌာနတာဝန်ရှိသူတွေဆီ လွှဲပြောင်းပေးအပ်ရေးနဲ့ပတ်သက်ပြီး ဝ အဖွဲ့ထိပ်တန်း တာဝန်ရှိသူတွေက မကြာခင်ရက်ပိုင်းမှာ ဆုံးဖြတ်သွားမှာဖြစ်တယ်လို့ ပြောပါတယ်။