မင်းတပ်မှာ ဒရုန်းနဲ့ ဗုံးကြဲမှုကြောင့် စစ်ဘေးဒုက္ခသည်သုံးဦး ဒဏ်ရာရ
2024.07.09
ချင်းပြည်နယ် မင်းတပ်မြို့နယ်မှာ ဇူလိုင်လ ၇ ရက်နေ့က စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် အရပ်သားသုံးဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မင်းတပ်မြို့အခြေစိုက် အမှတ်-၂၇၄ ခြေလျင်တပ်ရင်းကနေ တိုက်နယ် (၃) မွီတွီရွာ၊ မောင်းချောင်းအနီး တောထဲမှာ စစ်ဘေးတိမ်းရှောင်နေသူတွေ ရှိတဲ့နေရာကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“မောင်းချောင်းမှာ စစ်ဘေးရှောင်နေရတဲ့အဖွဲ့ကို စစ်ကောင်စီက ဒရုန်းနဲ့ချသွားတယ်။ လူငယ်တစ်ယောက်နဲ့ လူကြီးပိုင်းအရွယ် နှစ်ယောက် ဒဏ်ရာရသွားတယ်။ အသက်ကြီးပိုင်းနှစ်ယောက်က လက်နဲ့ ကျောပြင်ကို ထိသွားတယ်။ ဒဏ်ရာစိုးရိမ်ရတယ်”
စစ်ကောင်စီတပ်က ရပ်ရွာတွေထဲကို လက်နက်ကြီးတွေနဲ့ မကြာခဏ ပစ်ခတ်နေတာကြောင့် ဒေသခံတွေရွာမှာမနေရဲဘဲ တောထဲကိုတိမ်းရှောင်နေကြစဥ် ထပ်မံတိုက်ခိုက်ခံရတာလို့ သူက ပြောပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ချင်းပြည်နယ်ပြောခွင့်ရသူ ပြည်နယ်အတွင်းရေးမှူး ဦးအောင်ချိုကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။
ဇွန် ၄ ရက်နေ့ကလည်း မင်းတပ်မြို့နယ် ရမ်ပန်းရွာကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် အရပ်သားတစ်ဦးသေဆုံးပြီး နောက်ထပ်တစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။