ဒေါက်တာ ဇော်မြင့်မောင်ရဲ့ အမှတ်တရစာအုပ် အွန်လိုင်းကနေ အခမဲ့ ဖြန့်ချိ
2024.11.01

မကြာသေးခင်က ကွယ်လွန်သွားတဲ့ မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်အတွက် အမှတ်တရထုတ်ဝေမှုအဖြစ် “ပြည်သူချစ်တဲ့ ဆရာဇော်” စာအုပ်ကို နိုဝင်ဘာလ ၁ ရက်နေ့မှာ အီလက်ထရွန်းနစ်စာအုပ် (ebook) အဖြစ် အွန်လိုင်းကနေ အခမဲ့ ဖြန့်ချိလိုက်တယ်လို့ စာအုပ်ဖြစ်မြောက်ရေး ကော်မတီဝင်တစ်ဦးက RFA ကို ပြောပါတယ်။
ဒီစာအုပ်မှာ ဒေါက်တာ ဇော်မြင့်မောင်ရဲ့ မိသားစုဝင်တွေဖြစ်တဲ့ ဇနီး၊ သား နှစ်ဦးနဲ့ သမီးတို့ရေးထားတဲ့ အမှတ်တရစကားတွေအပြင် ဒေါက်တာ ဇော်မြင့်မောင်ပြောကြားခဲ့တဲ့ သမိုင်းဝင်စကားတွေလည်း ပါတယ်လို့ သူက ဆိုပါတယ်။
"ဒီစာအုပ်က ဆရာဇော် ဆုံးသွားတော့ ဆရာဇော်ကိုချစ်ကြတဲ့ ပြည်သူတွေအတွက် မှတ်တမ်းဖြစ်ဖို့ ဆရာဇော် အမှတ်တရစာအုပ်အဖြစ် မိသားစုရဲ့ ခွင့်ပြုချက်နဲ့ ကျွန်တော်တို့ စီစဉ်ဆောင်ရွက်ခဲ့တာပါ"
ဒီစာအုပ် (t.ly/bWmkp) ထဲမှာ ဒေါက်တာ ဇော်မြင့်မောင် ရေးသားခဲ့တဲ့ ကဗျာနဲ့ ဆောင်းပါးတွေ၊ ပြင်တွင်း၊ ပြည်ပမီဒီယာတွေက ဒေါက်တာ ဇော်မြင့်မောင်အကြောင်း ဖော်ပြချက်တွေကိုလည်း စုစည်းဖော်ပြထားတာ တွေ့ရပါတယ်။
ဒေါက်တာ ဇော်မြင့်မောင်ဟာ စာရေးကောင်းသူဖြစ်ပြီး ကင်ဆာဝေဒနာ ခံစားနေရချိန်မှာတောင် စာတွေရေးခဲ့တာကြောင့် ဒီစာအုပ်ဟာလည်း သူ့ရဲ့ အမှတ်တရတစ်ခုအဖြစ် ရှိနေမယ်လို့ မန္တလေးမြို့ခံ ဆောင်းပါးရှင်တစ်ဦးက ပြောပါတယ်။
ဒေါက်တာ ဇော်မြင့်မောင်ဟာ ၁၉၉၀ ရွေးကောက်ပွဲ၊ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ၊ ၂၀၁၅ နဲ့ ၂၀၂၀ ရွေးကောက်ပွဲ လေးဆက်အထိ ယှဉ်ပြိုင်အနိုင်ရခဲ့သူဖြစ်ပြီး ၁၉၈၈ ခုနှစ်က စတင်ခဲ့တဲ့ သူရဲ့ နိုင်ငံရေးခရီး ၃၆ နှစ်အတွင်းမှာ ၂၃ နှစ်ခန့်က ထောင်တွင်းမှာ ဖြတ်သန်းခဲ့ရတာ ဖြစ်ပါတယ်။