လူကယ်ပြန်ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးကို အဂတိမှုနဲ့တရားစွဲ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရရဲ့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးကို အဂတိ လိုက်စားမှု တိုက်ဖျက်ရေးဥပဒေနဲ့ အမှုဖွင့်အရေးယူထားတယ်လို့ စစ်ကောင်စီပိုင် မီဒီယာတွေ ကနေတဆင့် ဒီကနေ့ ထုတ်ပြန်ပါတယ်။

NLD အစိုးရရဲ့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးကို တွေ့ရစဉ် Photo: Prof Win Myat Aye - facebook

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရရဲ့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးကို အဂတိ လိုက်စားမှု တိုက်ဖျက်ရေးဥပဒေနဲ့ အမှုဖွင့်အရေးယူထားတယ်လို့ စစ်ကောင်စီပိုင် မီဒီယာတွေကနေတဆင့် ဒီကနေ့ ထုတ်ပြန်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရလက်ထက် သဘာဝဘေးအန္တရာယ် ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေမှာ အသုံးပြုဖို့အတွက် ရဟတ်ယာဉ်ဝယ်တဲ့ ကိစ္စနဲ့ပတ်သက်ပြီး ဒေါက်တာ ဝင်းမြတ်အေး ကို တရားစွဲထားတာလို့ ဖော်ပြထားပါတယ်။

အဲဒီရဟတ်ယာဉ်ဝယ်တဲ့ငွေဟာ သဘာဝဘေးသင့် ပြည်သူတွေအတွက်ပဲ သုံးခွင့်ရှိတဲ့ ငွေနဲ့ဝယ်ယူတာ၊ ပြည်ထောင်စုအစိုးရအဖွဲ့ကို တင်ပြတာမျိုး မရှိတာ၊ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ သဘောထား မတောင်းခံတာနဲ့ နိုင်ငံတော် သမ္မတရုံးရဲ့ ညွှန်ကြားချက်တွေနဲ့အညီ လုပ်ဆောင်တာတွေ မရှိခဲ့ဘူးလို့ စွပ်စွဲထားပါတယ်။

ဒါ့အပြင် ရဟတ်ယာဉ် နောက်ကျရောက်ရှိခဲ့တဲ့အတွက် ဝယ်ယူခြင်းနဲ့ အခြားဆက်စပ် ကုန်ကျစရိတ်တွေ အတွက် နိုင်ငံတော်ရဲ့ငွေကြေး ကျပ်သန်း ၂၃၀၄၈ သန်း ထိခိုက်နစ်နာတယ်လို့လည်း ဆိုထားပါတယ်။

သဘာဝဘေးစီမံခန့်ခွဲမှု လုပ်ငန်းတွေမှာ ဘေးသင့်သူတွေအတွက်ပဲ သုံးစွဲခွင့်ရှိတဲ့ အမျိုးသား သဘာဝ ဘေးအန္တရာယ် စီမံခန့်ခွဲမှု ရန်ပုံငွေကနေ သုံးစွဲထားတာ၊ နိုင်ငံတော်ရဲ့ အရေးကြီးကိစ္စတွေမှာ အသုံးပြုဖို့ ရဟတ်ယာဉ်တစ်စီး ငှားရမ်းခဲ့ပြီး အဲဒီငှားရမ်းမှုမှာလည်း နိုင်ငံတော်က ချမှတ်ထားတဲ့ စည်းမျည်း၊ စည်းကမ်းတချို့ကို ထည့်သွင်းစဉ်းစားခဲ့ခြင်း မရှိခဲ့ဘူးလို့ စွပ်စွဲထားပါတယ်။

အဲဒီရဟတ်ယာဉ် ငှားရမ်းစဉ် ပျံသန်းအသုံးပြုခဲ့ရာမှာ ကြာချိန်တန်ဖိုးထက် ပိုမို ပေးချေခဲ့တာကြောင့် အမေရိကန် ဒေါ်လာ ၃ ဒဿမ ၅ သန်းကျော် ထိခိုက်နစ်နာခဲ့တယ်လို့ စစ်ကောင်စီက စွပ်စွဲပါတယ်။

အဲဒီအခြေအနေတွေကြောင့် ဒေါက်တာ ဝင်းမြတ်အေး ကို နေပြည်တော် ဘုရားကုန်း မြို့မရဲစခန်းမှာ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅ အရ အမှုဖွင့်ထားတယ်လို့ ဒီနေ့ထုတ် စစ်ကောင်စီပိုင် မီဒီယာတွေမှာ ဖော်ပြထားပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည် အပါအဝင် တိုင်းနဲ့ပြည်နယ် ဝန်ကြီးချုပ်တွေနဲ့ ပြည်ထောင်စုအဆင့် ဝန်ကြီးတစ်ချို့ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေတွေနဲ့ စစ်ကောင်စီက အရေးယူထားပါတယ်။

နိုင်ငံ့ခေါင်းဆောင်တွေအပါအဝင် NLD ပါတီရဲ့ ထိပ်တန်းခေါင်းဆောင်တွေကို နှစ်ရှည်ထောင်ဒဏ် ချမှတ်နိုင်တဲ့ အခုလို ပုဒ်မတွေနဲ့ အရေးယူမှုတွေ လုပ်နေတာက စစ်ကောင်စီရဲ့ အာဏာတည်မြဲရေးအတွက် လုပ်ဆောင်တာဖြစ်တယ်လို့ NLD ထိပ်ပိုင်းခေါင်းဆောင်တွေက ပြောဆိုထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org