ငြိမ်းချမ်းရေးကို အထောက်အပံ့ဖြစ်အောင် တွေးခေါ်ပြောဆိုဖို့ ပြည်ထောင်စုဝန်ကြီး တိုက်တွန်း

ပဋိပက္ခကြောင့် ဒုက္ခဘေးဒဏ်ကို အဓိက ခံစားနေရတဲ့ ပြည်သူတွေအနေနဲ့ ငြိမ်းချမ်းရေးရဖို့ အထောက် အပံ့ဖြစ်စေမယ့် တွေးခေါ်ပြောဆိုမှုတွေကို အစဉ်တစိုက် ဆောင်ရွက်ကြဖို့ လူမှုဝန်ထမ်း ကယ်ဆယ်ရေး နဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး က တိုက်တွန်း လိုက်ပါတယ်။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ စုပေါင်းရုံး အစည်းအဝေးခန်းမမှာ စစ်ဘေးကယ်ဆယ်ရေးစခန်း တာဝန်ခံတွေ၊ လူမှုအဖ့ွဲအစည်းတွေ၊ အစိုးရတာဝန်ရှိသူတွေနဲ့ ဒီကနေ့ တွေ့ဆုံချိန်မှာ ပြောတာဖြစ်ပါတယ်။

"ဒီပဋိပက္ခတွေရဲ့အခြေခံဟာ ဘာကြောင့်ဆိုတာ တော်တော်များများသိကြပါတယ်၊ ဒီပဋိပက္ခဖြစ်တာတွေကို ပြည်သူတွေကဒုက္ခအခံရဆုံးဖြစ် ပါတယ်၊ ဒုက္ခတွေတော့မခံချင်တော့ဘူး၊ ငြိမ်းချမ်းရေးကိုပဲလိုချင်တယ်ဆိုတာပြသနေဖို့ လိုပါတယ်၊ အဲ့တော့ မငြိမ်းချမ်းတဲ့သူတွေကလည်း ငြိမ်းချမ်းရေးကို သတိရဖို့လိုတယ်၊ ငြိမ်းချမ်းနေတဲ့သူတွေကလည်း မငြိမ်းချမ်းတဲ့သူတွေအတွက် ငြိမ်းချမ်းရေးကိုသတိရဖို့လိုပါတယ်"

ဒါ့အပြင် ငြိမ်းချမ်းတယ်ဆိုတဲ့ မြို့ရွာဒေသတွေက ပြည်သူတွေအနေနဲ့လည်း မငြိမ်းချမ်းတဲ့ဒေသက ပြည်သူတွေရဲ့ အရေးကိစ္စကို စဉ်းစားဆောင်ရွက်ပေးဖို့ အကြံပြုကြောင်း ပြောပါတယ်။

လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေနဲ့ လူသားချင်းစာနာထောက်ထားတဲ့ အကူအညီတွေကို ထောက်ပံ့ရင်း ဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည်တဲ့ စနစ်ကို ဆောင်ရွက်နေတာကြောင့် ကယ်ဆယ်ရေးစခန်းမှာ ခိုလှုံနေကြသူတွေကို အသက်မွေးဝမ်းကျောင်းပညာတွေ တတ်မြောက်စေ ချင်ကြောင်း ပြောပါတယ်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးဟာ သူ့ရဲ့ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်က စစ်ဘေးသင့်သူတွေအတွက် လှူဒါန်းတဲ့ ငွေကျပ်သိန်း ၃ ထောင်ကို ပြီးခဲ့တဲ့ မတ်လ ၂ ရက်နေ့ က ပြည်နယ်အစိုးရအဖွဲ့ထံ လွှဲပြောင်းပေးခဲ့ပါတယ်။

မနေ့က မြစ်ကြီးနားနဲ့ ဝိုင်းမော်မြို့နယ်က ဗုဒ္ဓဘာသာနဲ့ ခရစ်ယာန် ကယ်ဆယ်ရေးစခန်းတွေကို သွားရောက်ခဲ့ပြီး ဆန်၊ ဆီ နဲ့ အခြေခံ စားကုန်တွေကို သွားရောက်လှူဒါန်းခဲ့တာဖြစ်ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာနက လှူဒါန်းလိုက်တဲ့ ငွေကြေးတွေကို စစ်ဘေးကယ်ဆယ်ရေး စခန်းတွေမှာ ကူညီထောက်ပံ့ပေးတာအပြင် စစ်ဘေးဒဏ်သင့် ပြည်သူတွေ ရေရှည်ရပ်တည်နိုင်မယ့် အသက်မွေးဝမ်းကျောင်း လုပ်ငန်းတွေမှာ အသုံးပြုဖို့လည်း စီစဉ်ထားပါတယ်။

ကချင်ပြည်နယ် ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဦးစီးဌာနရဲ့ ၂၀၁၇ ခုနှစ် ဇန်နဝါရီလ ကုန်အထိ စာရင်းတွေအရ အစိုးရအုပ်ချုပ်ရေးနယ်မြေအတွင်း ကယ်ဆယ်ရေးစခန်း ၉၄ မှာ အိမ်ထောင်စု ၈ ထောင်ကျော် ရှိပြီး လူဦးရေ စုစုပေါင်း သုံးသောင်းရှစ်ထောင်ကျော် ရှိပါတယ်။