စီးပွားရေးအခြေအနေ အလားအလာကောင်းနိုင်တယ် လို့ ဒေါက်တာမျိုးညွန့် ပြော

နိုင်ငံရဲ့ ကြွေးမြီဝန်ထုပ်ဝန်ပိုးတွေ ကျသွားတဲ့အခါ နိုင်ငံရဲ့ စီးပွားရေးအခြေအနေ အလား အလာကောင်းနိုင်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့် က ဒီနေ့ ပြောပါတယ်။

ဒေါက်တာမျိုးညွန့် ကို ၂၀၁၇ သြဂုတ်လ ၂၀ ရက်နေ့က တွေ့ရစဉ် Photo: Win Ko Ko Latt/ RFA

နိုင်ငံရဲ့ ကြွေးမြီဝန်ထုပ်ဝန်ပိုးတွေ ကျသွားတဲ့အခါ နိုင်ငံရဲ့ စီးပွားရေးအခြေအနေ အလားအလာကောင်းနိုင်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့် က ဒီနေ့ ပြောပါတယ်။

နေပြည်တော် စည်ပင်ရိပ်သာ အစည်းအဝေးခန်းမမှာ ကျင်းပတဲ့ ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင် အစည်းအဝေး အပြီးမှာ ဒေါက်တာမျိုးညွန့်က အခုလိုပြောတာဖြစ်ပါတယ်။

"ကျနော်တို့ ဒီကနေ့ စီးပွားရေးအခြေအနေက အကြွေးပြန်ဆပ်ပြီး နာလန်ထူဖို့ ကြိုးစားတဲ့အချိန်ပါ၊ အဲအချိန်မျိုးမှာ သူကပြောင်ပြောင်ရောင်ရောင်နဲ့ ချက်ချင်းထွန်းတောက်လာဖို့ မဖြစ်နိုင်ပါဘူး၊ ကြွေးကျေထိုက်သင့်သလောက်ကျေသွားပြီး လည်ပင်းမနစ်တော့ဘူး နောက်လုပ်နိုင်မယ့်လုပ်ငန်းတွေ အဆင်ပြေလာဖို့ လမ်းပွင့်သွားတယ်၊ တနည်းအားဖြင့် Microeconomics ကိန်းဂဏန်းတွေဖြစ်တဲ့ နိုင်ငံရဲ့ကြွေးမြီဝန်ထုတ်ဝန်ပိုး၊ နိုင်ငံသားတစ်ဦးခြင်းရဲ့ ကုန်ထုတ်လုပ်မှု စတဲ့အခြေအနေတွေ အကုန်လုံးခြုံကြည့်ရင် အလားအလာကောင်းတယ်လို့ ကျနော်ပြောချင်ပါတယ်"

ဒါ့အပြင် ပြည်သူတွေရဲ့ နေ့စဉ်ဘဝမှာပါ လူမှုဘဝအပြောင်းအလဲတွေဖြစ်အောင် အစိုးရရဲ့ ကျန်နေတဲ့ သက်တမ်း နှစ်နှစ်ကျော်အတွင်း ကြိုးစားသွားမယ်လို့လည်း ပြောပါတယ်။  လတ်တလောမှာ မြန်မာ့ငွေဈေးနှုန်း ကျဆင်းတာ၊ ပြည်ပကြွေးမြီ သန်းပေါင်း တသောင်းကျော်အထိမြင့်တက်လာတာ၊ ဘတ်ဂျက်လိုငွေ ဘီလီယံ ငါးထောင်ခန့် အထိ ရှိနေတာတွေကြောင့် အစိုးရကို ဝေဖန်မှုတွေ ရှိနေပါတယ်။

၂၀၁၉ ခုနှစ်မှာ အရှေ့တောင် အာရှဒေသတွင်းနိုင်ငံတွေထဲမှာ မြန်မာနိုင်ငံဟာ GDP တိုးတက်နှုန်း ၇ ဒသမ ၂ ရာခိုင်နှုန်းနဲ့ အမြင့်ဆုံးဖြစ်သလို ငွေကြေးဖောင်းပွမှုကလည်း ၆ ဒသမ ၂ ရာခိုင်နှုန်းရှိမယ်လို့ အာရှဖွံ့ဖြိုးရေးဘဏ် က ခန့်မှန်းထားပါတယ်။

ဒီကနေ့ ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင်အစည်းအဝေးမှာ ဗိုလ်ချုပ်ကြေးရုပ်ကိစ္စနဲ့ ဝေဖန်ခံနေရတဲ့ ကယားပြည်နယ်ဝန်ကြီးချုပ် ကိစ္စကိုလည်း ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

ကယားပြည်နယ်ဝန်ကြီးချုပ်ဟာ ပြည်နယ်တွင်းမှာ ဗိုလ်ချုပ်ကြေးရုပ်ကိစ္စနဲ့ပတ်သက်ပြီး မငြိမ်မသက်မှုတွေ ဖြစ်လာ ရင် တပ်မတော်ကို တာဝန်ပေးမယ်လို့ ပြောဆိုခဲ့ကြောင်း သတင်းမီဒီယာတချို့မှာ ဖော်ပြခဲ့ပါတယ်။ အဲဒီပြောကြား ချက်နဲ့ ပတ်သက်ပြီး ပါတီက အရေးမယူနိုင်ကြောင်း ၊ ပါတီကခန့်အပ်တဲ့ အစိုးရအဖွဲ့ဝင်တွေ ရဲ့ပြောစကားဟာ ပါတီရဲ့ပုံရိပ်ဖြစ်တယ်လို့ ဒေါက်တာမျိုးညွန့်က ပြောပါတယ်။

ပါတီ ဗဟိုအလုပ်အမှုဆောင်အစည်းအဝေးကို ဒေါက်တာဇော်မြင့်မောင်၊ ဒေါက်တာမျိုးညွန့်၊ ဒေါက်တာအောင် မိုးညို၊  ဦးညီပု၊ ဒေါက်တာတင်မျိုးဝင်း အပါအဝင် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် တော်တော်များများ တက်ရောက် ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org