နေပြည်တော် မြို့တော်ဝန် ဒေါက်တာမျိုးအောင်ကို စစ်ကောင်စီက စွပ်စွဲထားတဲ့ အဂတိအမှု ငါးမှုအတွက် နေပြည်တော် အချုပ်ထောင်တွင်းတရားရုံးကနေ ဇွန်လ ၂၂ ရက် ဒီနေ့မှာ ထောင်ဒဏ် ၁၅ နှစ် ချမှတ်လိုက်တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။
အမိန့်ချလိုက်တဲ့အမှုတွေက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက် နေပြည်တော်ကောင်စီ နယ်မြေထဲက မြို့နယ်တချို့မှာ မြေကွက်တွေ ဖော်ထုတ်တာ၊ မြေနေရာညှိတဲ့လုပ်ငန်းတွေ ဆောင်ရွက်တာနဲ့ သက်ဆိုင်တဲ့အမှုတွေလို့ ဆိုပါတယ်။
ဒေါက်တာမျိုးအောင်ဟာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ - ၅၅ နဲ့ စွဲခံထားရတဲ့ အမှုငါးမှုအတွက် တစ်မှုကို သုံးနှစ်စီနဲ့ ၁၅ နှစ် ချမှတ်ခံရတာပါ။
အဲဒီထဲက တစ်မှုမှာတော့ နေပြည်တော် ဒု-မြို့တော်ဝန် ဦးရဲမင်းဦးနဲ့ နေပြည်တော် စည်ပင် ကော်မတီဝင် ဦးမင်းသူတို့က အမှုတွဲအဖြစ်ပါဝင်ပြီး သူတို့ကတော့ တစ်ဦးကို ထောင်ဒဏ်သုံးနှစ်စီ ချမှတ်ခံခဲ့ရတယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။
သူတို့သုံးဦးဟာ နေပြည်တော်က ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း လရောင်တော အသက်မွေးပညာ သင်တန်းကျောင်းအတွက် မြေနေရာရယူတာနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်ကို စွပ်စွဲထားတဲ့ အဂတိမှုတွေမှာလည်း အမှုတွဲအဖြစ်ပါဝင်ပြီး ဆက်လက်တရားရင်ဆိုင်နေရပါတယ်။
ဦးရဲမင်းဦးကတော့ သူ့တစ်ဦးတည်းကို စွဲထားတဲ့ အဂတိအမှု ငါးမှုအတွက်လည်း ပြီးခဲ့တဲ့ ဇွန်လ ၂၀ ရက်နေ့က ထောင်ဒဏ် ၁၅ နှစ် ချမှတ်ခံရတာကြောင့် လက်ရှိအချိန်ထိ ထောင်ဒဏ်စုစုပေါင်း ၁၈ နှစ်ကျခံရမှာ ဖြစ်ပါတယ်။
ဒေါက်တာမျိုးအောင်ဟာ အရင်နှစ် ဒီဇင်ဘာလ ၆ ရက်နေ့က ရာဇတ်သတ်ကြီးပုဒ်မ ၅၀၅ (ခ) နဲ့ ထောင်ဒဏ် နှစ်နှစ် ချမှတ်ခံရပြီးဖြစ်တာကြောင့် လက်ရှိအချိန်ထိ ထောင်ဒဏ် စုစုပေါင်း ၁၇ နှစ် ကျခံရမှာ ဖြစ်ပါတယ်။
RFA က ရရှိထားတဲ့ အချက်အလက်တွေအရ စစ်အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ကနေ ဇွန်လအထိ NLD ပါတီခေါင်းဆောင်တွေအပါအဝင် NLD အစိုးရလက်ထက်က တာဝန်ယူခဲ့သူတွေ အဂတိမှုနဲ့ တရားစွဲဆိုခံနေရတာ ၇၀ ဦးအထိ ရှိပါတယ်။
နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင် ကတော့ အခုလို အဂတိမှုတွေနဲ့ တရားစွဲဆို အရေးယူ တာတွေဟာ NLD ပါတီကို နိုင်ငံရေးကနေ အပြီးတိုင်ဖယ်ရှားဖို့အတွက် စစ်ကောင်စီက ကြိုးပမ်းတဲ့ လုပ်ရပ်တွေဖြစ်တယ်လို့ RFA ကို ပြောဆိုထားပါတယ်။