ကျန်းမာရေး အသိပညာ‌ပေးသူ ဒေါက်တာမြင့်ဦး ကိုဗစ်နဲ့ကွယ်လွန်

ကျန်းမာရေးနဲ့ ပတ်သက်လို့ အသိပညာဗဟုသုတတွေကို မျှဝေပေးနေတဲ့ အသက် ၆၇ နှစ်အရွယ် ဒေါက်တာ မြင့်ဦး (ဂျီပီ) ဟာ ဒီနေ့ ဇူလိုင် ၃၀ ရက် မနက်ပိုင်းမှာ ကိုဗစ်ရောဂါနဲ့ ကွယ်လွန်သွားတယ်လို့ သူရဲ့ မိသားစုဝင် ဆီက သိရပါတယ်။

"ကျွန်မ၏ ဖခင်ဖြစ်သူ ဒေါက်တာ မြင့်ဦး (ဂျီပီ) သည် ယနေ့ နံနက် ၇ နာရီ ၄၅ မိနစ်တွင် ကွယ်လွန်သွား ပါကြောင်း ညှိုးငယ်စွာဖြင့် အသိပေးအပ်ပါသည်" လို့ ဒေါက်တာမြင့်ဦးရဲ့ သမီးဖြစ်သူကလည်း သူ့ရဲ့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်ပေါ်မှာ အသိပေးထားပါတယ်။

ဒေါက်တာမြင့်ဦး (ဂျီပီ) ဟာ New Yangon General Hospital ဆေးရုံမှာ ကွယ်လွန်ခဲ့တာ ဖြစ်ပါတယ်။

သူဂာ Save Myanmar Children Foundation ရဲ့ ဥက္ကဋ္ဌ တစ်ယောက်ဖြစ်သလို ကျန်းမာရေး ဗဟုသုတတွေ၊ ပညာပေးဆောင်းပါးတွေကို မီဒီယာတွေကနေတစ်ဆင့် ‌ပြည်သူတွေကို ဆယ်စုနှစ်တစ်ခုကျော် မျှဝေပေးနေ သူလည်း ဖြစ်ပါတယ်။

ဒေါက်တာမြင့်ဦးဟာ ရန်ကုန်ဆေးတက္ကသိုလ် (၁) ကနေ ဘွဲ့ရရှိခဲ့ပြီး အမေရိကန်နိုင်ငံက Hubert Humphrey Fellowship ပညာသင်ဆုကိုပါ ရရှိခဲ့သူပါ။

အမေရိကန်နိုင်ငံ မြောက်ကယ်ရိုလိုင်းနားပြည်နယ်က Medicine & Beyond အဖွဲ့မှာလည်း မြန်မာနိုင်ငံ ဆိုင်ရာ ညှိနှိုင်းရေးမှူးတာဝန် ထမ်းဆောင်ခဲ့သလို လက်ရှိအချိန်အထိ ကိုယ်ပိုင်ဆေးကုခန်း ဖွင့်လှစ်ထားသူ ဖြစ်ပါတယ်။

ဒေါက်တာမြင့်ဦးဟာ လွတ်လပ်တဲ့အာရှအသံ RFA ကနေ "ဒေါက်တာစေတနာ" ဆိုတဲ့ ကလောင်နာမည်နဲ့ အပတ်စဉ် ကျန်းမာရေးဆိုင်ရာ အသိပညာပေး ဆောင်းပါးတွေ ထုတ်လွှင့်ခဲ့သူလည်း ဖြစ်ပါတယ်။