ဒေါက်တာခလမ်ဆမ်ဆွန် မြစ်ကြီးနားမှာ ပြန်လည်ဖမ်းဆီးခံရ

ဒီဇင်ဘာလ ၄ ရက်နေ့က မန္တလေးလေဆိပ်မှာ ဖမ်းဆီးခံရပြီးနောက် ဒီဇင်ဘာလ ၅ ရက်နေ့မှာ ပြန်လွတ်လာပြီး မြစ်ကြီးနားမြို့ကို ပြန်လာတဲ့ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) ရဲ့ဥက္ကဋ္ဌဟောင်း ဒေါက်တာခလမ်ဆမ်ဆွန်ကို စစ်ကောင်စီက မြစ်ကြီးနားလေဆိပ်မှာ ပြန်ပြီးဖမ်းဆီးလိုက်တယ်လို့ ဒေါက်တာခလမ်ဆမ်ဆွန်နဲ့ နီးစပ်သူတွေက RFA ကိုပြောပါတယ်။

"ဟုတ်တယ် ပြန်ဖမ်းသွားတာ ကျိန်းသေတယ်။ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ)ကခေါ်သွားပုံရတယ်။ လေဆိပ်ကကို ထွက်မလာတာ။အခုထိတော့ KBC ကလည်း တိတ်နေတယ်။ အမှန်တော့ သူက KBC မှာ တာဝန်မရှိတော့ဘူး။ ဘုရားကျောင်းတစ်ကျောင်းရဲ့ သင်းအုပ်ဆရာ ဖြစ်သွားပြီ။ ပြီးခဲ့တဲ့ နွေရာသီ General Assembly မှာ သက်တမ်းကုန်လို့ ပြောင်းပြီ။" လို့KBC နဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

မြစ်ကြီးနားမြို့အခြေစိုက် ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ PCG က ဦးလမိုင်ဂွန်ဂျာက "မန္တလေးမှာဖမ်းသွားတယ်ဆိုထဲက ကျွန်တော်တို့ စရဖ ဘက်ကိုလည်းဆက်သွယ်ထားတယ်။ ဘာကြောင့်ဖမ်းတာလဲဆိုတာသိရအောင်ပေါ့။ သူတို့က ပြန်ပြောမယ်ပြောပြီး မြစ်ကြီးနားမှာလိုင်းတွေလည်းပျက်နေတော့ ဘာမှအကျိုးအကြောင်းမသိရဘူး။ အခုမြစ်ကြီးနားမှာပြန်ဖမ်းခံရတယ်လို့ကြားတယ်။ ဟုတ်မဟုတ် သေချာအသေးစိတ်တော့ ကျွန်တော်တို့မပြောနိုင်သေးဘူး။ မနက်ဖြန်လောက်တော့ သေသေချာချာသိရမယ်ထင်ပါတယ်" လို့ပြောပါတယ်။

50551817_361556864427594_6598409233811636224_n.jpg
Photo: Hkalam Samson Facebook

ကချင်ပြည်နယ်ကနေ ထိုင်းနိုင်ငံကို ဆေးကုဖို့ မန္တလေးမြို့ကိုသွားချိန်မှာ ဒေါက်တာခလမ်ဆမ်ဆွန်ကို ဒီဇင်ဘာလ ၄ ရက် မနေ့ညနေပိုင်းက စစ်ကောင်စီက မန္တလေးလေဆိပ်မှာ စတင်ဖမ်းဆီးခဲ့ပါတယ်။

သူ့ကို တစ်ရက်ကြာ ခေါ်ယူစစ်ဆေးပြီးနောက် ဒီဇင်ဘာလ ၅ ရက် ဒီနေ့မွန်းလွဲပိုင်းမှာ ပြန်လွှတ်ပေးလိုက်ပြီး ပြည်ပခရီးသွားလာခွင့် ပိတ်ထားတဲ့အတွက် မြစ်ကြီးနားမြို့ကို Air Than lwin ‌‌လေကြောင်းလိုင်းနဲ့ပြန်လာချိန်မှာ မြစ်ကြီးနားလေဆိပ်မှာ ထပ်မံအဖမ်းခံရတာလို့ ပြောကြပါတယ်။

KBC ရုံးအဖွဲ့ဝင်တစ်ဦးက "ဒီဇင်ဘာ ၄ ရက်နေ့က မန်လေးလေဆိပ်မှာအဖမ်းခံရပြီး အခုမြစ်ကြီးနားကို ပြန်ပို့တော့ မြစ်ကြီးနားမှာ ပြန်လည် ထိန်းသိမ်းထားဆဲဖြစ်တယ်။ လွတ်ပေးလိုက်ခြင်းမဟုတ်ပဲ အကြောင်းမဲ့ ဖမ်းထားကြောင့် အမှုဖွင့် ပုဒ်မတွေ ကြံရာတပ်မှာပဲ စိုးရိမ်နေတယ်" လို့ ပြောပါတယ်။

မန္တလေးလေဆိပ်၊ လူဝင်မှုကြီးကြပ်ရေးအရာရှိတွေက ဒေါက်တာ ခလမ်ဆမ်ဆွန်ရဲ့ နိုင်ငံကူးလက်မှတ်နဲ့ အချက်အလက်တွေကို စစ်ဆေးရာမှာ စစ်ကောင်စီပေးပို့ထားတဲ့ ပြည်ပထွက်ခွာခွင့် မရှိသူတွေစာရင်းမှာ သူပါဝင်နေကြောင်း သိရတယ်လို့လည်း ဒေါက်တာ ခလမ်ဆမ်ဆွန်နဲ့ နီးစပ်သူတွေက ပြောပါတယ်။

ဒေါက်တာခလမ်ဆမ်ဆွန်ဟာ အနန့်ပါကျေးရွာ လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးခဲ့သူတွေကို ကူညီရေးလုပ်ငန်းတွေမှာ ပါဝင်ဆောင်ရွက်ခဲ့သူဖြစ်တယ်လို့ အဲဒီဖြစ်စဉ်မှာသေဆုံးခဲ့သူတွေရဲ့ မိသားစုဝင်တွေက ပြောပါတယ်။

ဒေါက်တာခလမ်ဆမ်ဆွန်ကို အကြောင်းမဲ့ ဖမ်းဆီးထားမှုကို ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်အနေနဲ့ စိုးရိမ်နေပြီး အမြန်ဆုံးပြန်လွှတ်ပေးဖို့ တောင်းဆိုတယ်လို့ ဒီဇင်ဘာလ ၅ ရက်နေ့မှာ ကြေညာချက်ထုတ်ပြန်ပြောလိုက်ပါတယ်။

ဒေါက်တာခလမ်ဆမ်ဆွန်ဟာ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်မှာ အထွေထွေအတွင်းရေးမှူးနဲ့ ဥက္ကဋ္ဌတာဝန်ကိုထမ်းဆောင်ခဲ့ပြီး လက်ရှိမှာ အကြံပေးတာဝန်ထမ်းဆောင်နေတယ်လို့ KBC ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒေါက်တာခလမ်ဆမ်ဆွန်ကို စစ်ကောင်စီက ဖမ်းဆီးစစ်ဆေးနေတယ်ဆိုတဲ့ သတင်းတွေနဲ့ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဆက်သွယ်နေပေမယ့် ဖုန်းခေါ်ဆိုလို့မရ‌သေးပါဘူး။