အဖမ်းခံထားရတဲ့ ဒေါက်တာခလမ်ဆမ်ဆွန် မိသားစုနဲ့ တွေ့ဆုံခွင့်မရ
2023.02.23

မြစ်ကြီးနားအကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ကချင်နှစ်ခြင်းခရစ်ယာန် အဖွဲ့ချုပ် (KBC) အကြံပေးပုဂ္ဂိုလ် ဒေါက်တာခလမ်ဆမ်ဆွန်ကို စစ်ကောင်စီက ဖမ်းဆီးတရားစွဲဆိုထားတာ ၃ လနီးပါးကြာတဲ့အထိ မိသားစုနဲ့ တစ်ကြိမ်တစ်ခါမှ တွေ့ဆုံခွင့် မရသေးဘူးလို့ မိသားစုဝင်တွေက RFA ကို ဒီနေ့ ပြောပါတယ်။
မန္တလေး အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၄ ရက်နေ့က ဖမ်းဆီးခံလိုက်ရတဲ့ ဒေါက်တာ ခလမ်ဆမ်ဆွန်နဲ့ မျက်နှာချင်းဆိုင် တွေ့ဆုံနိုင်ဖို့အတွက် မိသားစုက အကြိမ်ကြိမ်ကြိုးစားခဲ့ပေမယ့် တွေ့ခွင့်မရသေးဘူးလို့ ဇနီးဖြစ်သူ ဆရာမ ဇုန်းညော်က RFA ကို ပြောပါတယ်။
“ကျမတို့က ဆုတောင်းတာကလွဲပြီး ဘာမှမတတ်နိုင်တော့ဘူး။ အဝေးကနေ အမှုစစ်တဲ့ချိန် အဝင်အထွက်မှာ ထောင်တံခါးဝကနေတော့ နည်းနည်းလောက်ဘဲ မြင်လိုက်ရတယ်။ နောက်တစ်ခေါက် တရားခံ သက်သေပြတဲ့အချိန် တွေ့ရမလားတော့ မသိဘူး”
ဒေါက်တာခလမ်ဆမ်ဆွန်ကို ထပ်တိုးတရားစွဲဆိုလိုက်တဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၂ (က) စွဲချက်အတွက် ဖေဖော်ဝါရီ ၂၂ ရက်နေ့က မြစ်ကြီးနားထောင်တွင်း တရားရုံးမှာ ရုံးထုတ်ခဲ့ပြီး တရားလိုနဲ့ တရားလိုပြ သက်သေနှစ်ဦးကို စစ်ဆေးခဲ့တယ်လို့ မိသားစုဝင်တွေက ဆိုပါတယ်။
နောက်ထပ် ရုံးချိန်းကို ဖေဖော်ဝါရီ ၂၈ ရက်နေ့ကို ပြန်လည်ချိန်းဆိုထားပြီး လာမယ့်ရုံးချိန်းမှာ ကျန်နှစ်မှုအတွက် စွဲချက်တင်သင့်၊ မသင့်ဆိုတာကို တရားရုံးက အမိန့်ချမှတ်ဖို့ရှိတယ်လို့လည်း ဆိုပါတယ်။
ဒေါက်တာခလမ်ဆမ်ဆွန်ကို မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်က ဗိုလ်မှူး သူအောင်ဇော်က တရားလိုပြုလုပ်ပြီး မတရားအသင်းအက်ဥပဒေ ပုဒ်မ ၁၇ (၁)၊ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅ (က) နဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၂ (က) တို့ တရားစွဲဆိုထားတာ ဖြစ်ပါတယ်။
မွေးရာပါ အဆုတ်အားနည်းတဲ့ရောဂါရှိတဲ့ အသက် ၆၅ နှစ်အရွယ် ဒေါက်တာ ခလမ်ဆမ်ဆွန်အတွက် မိသားစုက ဆေးဝါးပို့ဆောင်ခွင့်မရပေမယ့် ထောင်းတွင်း ဆရာဝန်တွေက ကုသမှုပေးတယ်လို့ ကြားသိရကြောင်း မိသားစုဝင်တွေက ပြောပါတယ်။