စစ်ကောင်စီက ဒေါက်တာ ခလမ်ဆမ်ဆွန်ကို အကြမ်းဖက်မှုနဲ့ တရားထပ်စွဲ

RFA Burmese
2023.02.14
စစ်ကောင်စီက ဒေါက်တာ ခလမ်ဆမ်ဆွန်ကို အကြမ်းဖက်မှုနဲ့ တရားထပ်စွဲ ဒေါက်တာ ခလမ်ဆမ်ဆွန်အား ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၁၉ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်အကြံပေး ဒေါက်တာ ခလမ်ဆမ်ဆွန်ကို စစ်ကောင်စီက ဖေဖော်ဝါရီ ၁၄ ရက် ရုံးချိန်းမှာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ - ၅၂(က) နဲ့ ထပ်တိုးတရားစွဲလိုက်တယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။

ဒေါက်တာ ခလမ်ဆမ်ဆွန်ကို စစ်ကောင်စီက ရာဇသတ်ကြီးဥပဒေ ပုဒ်မ - ၅၀၅ (က)၊ မတရားအသင်းအက်ဥပဒေ ပုဒ်မ - ၁၇(၁) တို့နဲ့ တရားစွဲထားတာပါ။

NUG နဲ့ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဒေါက်တာ ခလမ်ဆမ်ဆွန်ကို ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ - ၅၂(က) နဲ့ထပ်မံတရားစွဲခဲ့တာဖြစ်တယ်လို့ အမှုလိုက်ပါ ဆောင်ရွက်ပေးနေတဲ့ တရားလွှတ်တော်ရှေ့နေ ဒေါ်ဒေါင်နန်းက ပြောပါတယ်။

"NUG သမ္မတရယ်၊ သယံဇာတဝန်ကြီး ဒေါက်တာ တူးခေါင်ရယ်၊ ပညာရေးဝန်ကြီး ဆရာမဂျာထွယ်ပန်ရယ်ကို လိုင်ဇာမှာ သွားတွေ့လို့၊ ဆုတောင်းပေးလို့ ဆိုပြီး အကြမ်းဖက်နဲ့ အမှုထပ်ဖွင့်လိုက်တာပေါ့။ တရားသူကြီးက အမှုထပ်တိုးဖွင့်ကြောင်း ကြောညာပါတယ်"

စစ်ကောင်စီက ဒေါက်တာ ခလမ်ဆမ်ဆွန်ကို ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၄ ရက်က ဖမ်းဆီးခဲ့တာပါ။ ယခုအချိန်ထိ မိသားစုဝင်တွေဟာ ဒေါက်တာ ခလမ်ဆမ်ဆွန်နဲ့ တွေ့ခွင့်မရသေးဘူးလို့ ဆိုပါတယ်။

မွေးရာပါ အဆုတ်ရောင်ရောဂါရှိတဲ့ ဒေါက်တာ ခလမ်ဆမ်ဆွန်ဟာ ဖေဖော်ဝါရီလ ၁၄ ရက်နေ့ ရုံးချိန်းမှာ ပန်းနာရင်ကျပ်ဖြစ်ပြီး ကျန်မာရေးမကောင်းဖြစ်နေတယ်လို့ ကြားသိရကြောင်း မိသားစုဝင်တွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။