ပြန်လာမယ့်ဒုက္ခသည်တွေ စားဝတ်နေရေးနဲ့ လုံခြုံရေးကိစ္စ အဓိကစဉ်းစားဖို့ UK Aid တိုက်တွန်း

UK Aid မြန်မာရဲ့အကြီးအကဲ Dr. Gail Marzetti ကို တွေ့ရစဉ်
UK Aid မြန်မာရဲ့အကြီးအကဲ Dr. Gail Marzetti ကို တွေ့ရစဉ် (Photo: Min Thein Aung/RFA)

ရခိုင်ပြည်နယ်ကနေ တဘက်ဘင်္ဂလားဒေ့ရ်ှနိုင်ငံကို ထွက်ပြေးသွားကြတဲ့လူတွေ အဆင်ပြေပြေပြန်လာနိုင်ဖို့ နိုင်ငံသားဖြစ်ခွင့်ကိစ္စ၊ လုံခြုံရေး၊ လွတ်လပ်စွာသွားလာခွင့်နဲ့ စားဝတ်နေရေး အဆင်ပြေစေဖို့ အပါအဝင် စတဲ့အချက်တွေကို အဓိကထည့်သွင်းစဉ်းစားဖို့ လိုအပ်တယ်လို့ UK Aid မြန်မာရဲ့အကြီးအကဲ Dr. Gail Marzetti ကပြောလိုက်ပါတယ်။

မနေ့က စစ်တွေဟိုတယ်မှာ သတင်းထောက်တွေနဲ့တွေ့ဆုံရာမှာ Dr. Gail Marzetti ကပြောဆိုခဲ့တာပါ။

တဘက်နိုင်ငံကနေ ပြန်လာကြမယ့်သူတွေနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂကအဖွဲ့က ဦးဆောင်ကြိုးပမ်းနေရာမှာ UK Aid အဖွဲ့အနေနဲ့လည်း အကူအညီတွေပေးနေတယ်လို့လည်းပြောပါတယ်။

မောင်တောဒေသမှာ တိုင်းရင်းသားတွေ မကြာခဏ သတ်ဖြတ်ခံရမှုတွေရှိနေတဲ့ကိစ္စဟာ ဒေသတည်ငြိမ်မှု မရှိသေးတာကို ပြသနေတာဖြစ်ပြီး တာဝန်ရှိသူတွေအားလုံးက အကာအကွယ်တွေပေးဖို့ လိုအပ်တယ်လို့လည်း Dr. Gail Marzetti ကပြောပါတယ်။

UK Aid မြန်မာရဲ့အကြီးအကဲ Dr. Gail Marzetti ဟာ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးကိစ္စနဲ့ ပတ်သက်ပြီး မနေ့က ပြည်နယ်အစိုးရနဲ့ သီးသန့်တွေ့ဆုံခဲ့သလို အရပ်ဘက်လူမှုအဖွဲ့အစည်းတချို့နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။

UK Aid အဖွ့ဲဟာ ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ်ကပင်စပြီး အမေရိကန်ဒေါ်လာ သန်း ၅၀ ကျော်အထိ နှစ်စဉ်အကူအညီတွေပေးနေပြီး အဲဒီအထဲက ၆၀ ရာခိုင်နှုန်းလောက်ကို ရခိုင်တိုင်းရင်းသားတွေအတွက် ကူညီပေးနေတယ်လို့လည်း Dr. Gail Marzetti ကပြောပါတယ်။