ဖမ်းဆီးခံထားရတဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ အေးမောင်နဲ့ စာရေးဆရာ ကိုဝေဟင်အောင် တို့ ရင်ဆိုင်နေရတဲ့အမှုတွေကို စစ်တွေခရိုင်တရားရုံးမှာ တစ်ပေါင်းတစ်စည်းတည်း စစ်ဆေးပေးဖို့ တရားစွဲဆို ခံထားရသူတွေဘက်က တင်ပြထားတာကို စစ်တွေခရိုင်တရားရုံးက လာမယ့် ဧပြီလ ၄ ရက်နေ့မှာ အမိန့်ချမယ်လို့ ဒီကနေ့ ဆုံးဖြတ်လိုက်ပါတယ်။
မြို့နယ်တရားရုံးမှာ ရင်ဆိုင်နေရတဲ့ အမှု ၂ ခုကို ခရိုင်တရားရုံးက တောင်းခံပြီး တစ်ပေါင်းတည်း စစ်ဆေးပေးဖို့ အရင်တစ်ပတ်ရုံးချိန်းမှာ လျှောက်ထားခဲ့တဲ့အပေါ် ဒီကနေ့ နှစ်ဖက်လျှောက်လဲချက် ကြားနာခဲ့တယ်လို့ ကိုဝေဟင်အောင် အတွက် အမှုကို လိုက်ပါဆောင်ရွက်နေတဲ့ တရားလွှတ်တော်ရှေ့နေ ဒေါ်အေးနုစိန် က ပြောပါတယ်။
အဲဒီကိစ္စနဲ့ပတ်သက်ပြီး အစိုးရဘက်က ဥပဒေအရာရှိနဲ့ တရားခံတွေရဲ့ ရှေ့နေတွေက ဒီကနေ့ စစ်တွေခရိုင် တရားရုံးမှာ တရားဝင်လျှောက်လဲချက် ပေးကြရတာလည်း ဖြစ်ပါတယ်။
ရသေ့တောင်မြို့မှာ ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်းက ပြုလုပ်ခဲ့တဲ့ ရခိုင့်အချုပ်အခြာအာဏာကျဆုံးတဲ့ အောက်မေ့ ဖွယ် အခမ်းအနားတစ်ခုမှာ ဟောပြောခဲ့တာတွေနဲ့ပတ်သက်ပြီး ဒေါက်တာ အေးမောင်နဲ့ ကိုဝေဟင် အောင် တို့ကို ပုဒ်မ ၃ ခုနဲ့ တရားစွဲဆို ဖမ်းဆီးထားတာ ဖြစ်ပါတယ်။
ဒေါက်တာ အေးမောင်နဲ့ ကိုဝေဟင်အောင်တို့ဟာ လက်ရှိမှာ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ (ခ) နဲ့ (ဂ)၊ မတရား အသင်းဆက်သွယ်မှု ဥပဒေ ပုဒ်မ ၁၇ ( ၁ ) တို့ကို စစ်တွေမြို့နယ်တရားရုံးမှာ တရားရင်ဆိုင်နေရတာဖြစ်ပြီး ခရိုင်တရားရုံးမှာတော့ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၁၂၂ နိုင်ငံတော်ပုန်ကန်မှုနဲ့ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။
အဲဒီနောက်ပိုင်းမှာ သူတို့ နှစ်ဦးကို ပြန်လွှတ်ပေးဖို့အတွက် မောင်တော၊ ကျောက်တော် နဲ့ မာန်အောင် စတဲ့ မြို့နယ်တွေက ဒေသခံတွေက ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။