ဒေါက်တာအေးမောင်နဲ့ ကိုဝေဟင်အောင် တို့ရဲ့ ဟောပြောချက် မူရင်းဖိုင် ပယ်ချခံရ


2018.03.07
waihinaung-sittwe-court-622.jpg စာရေးဆရာ ကိုဝေဟင်အောင် ကို စစ်တွေမြို့နယ် တရားရုံးမှာ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၂၁ ရက်နေ့က ရုံးထုတ်ခဲ့စဉ်
Photo: Min Thein Aung/ RFA

ဖမ်းဆီးခံထားရတဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်နဲ့ စာရေးဆရာ ကိုဝေဟင်အောင်တို့ရဲ့ မူရင်းဟောပြောချက်အခွေကို တရားခွင်မှာ ဖွင့်ပြခွင့်ရဖို့ စွပ်စွဲခံရသူ ရှေ့နေတွေက စစ်တွေမြို့နယ် တရားရုံးမှာ တင်ပြတာကို တရားရုံးက ဒီနေ့ ပယ်ချလိုက်ပါတယ်။

တရားလို စွပ်စွဲထားတဲ့ အသုံးအနှုန်းတွေဟာ မူရင်း ဟောပြောချက်တွေမှာ ပါဝင်မှုရှိ မရှိဆိုတာကို တိုက်ဆိုင် စစ်ဆေးဖို့ လိုအပ်တယ်လို့ ကိုဝေဟင်အောင်ဘက်က အမှုကို လိုက်ပါဆောင်ရွက်နေတဲ့ တရားလွှတ်တော်ရှေ့နေ ဒေါ်အေးနုစိန်က ပြောပါတယ်။

"ကျမတို့ရဲ့ အမှုတွဲလေ့လာချက်အရ တရားလိုရဲ့ထွက်ဆိုချက်တွေဟာ ဒီပါနေတဲ့ ဘာသာပြန်စာတမ်းအရရော လွဲမှားနေတယ်ဆိုတာ ကျမတို့သိတယ်၊ အဲဒီစီဒီခွေက ဖုန်းနဲ့ အသံဖမ်းပြီးတော့ စီဒီခွေခုတ်တာ၊ အဲဒီတော့ မူရင်းဟုတ် မဟုတ် ဆိုတာ ဥပဒေအရအရေးကြီးတယ်၊ မူရင်းမှာပါတဲ့အတိုင်း ထွက်ဆိုနေတာ ဟုတ် မဟုတ်ဆိုတာ အရေးကြီးတယ်၊ သူ့ထွက်ဆိုချက်အပေါ်မှာ ကျမတို့က အပြန်အလှန်အမေးတွေနဲ့ ချေပမှာဖြစ်တယ်"

ရသေ့တောင်မြို့မှာ ရခိုင်ဘာသာစကားနဲ့ ဟောပြောခဲ့တာတွေကို ဗမာလိုဘာသာပြန်ထားတဲ့ စာရွက်တွေအပြင် ဖုန်းနဲ့အသံဖမ်းထားတဲ့ ဟောပြောပွဲအသံဖိုင်စီဒီခွေဟာ အစိုးရက တရားရုံးကို တင်ပြတဲ့အမှုတွဲစာရင်းမှာ ပါရှိနေတာဖြစ်ပြီး မူရင်းဟောပြောချက်တွေနဲ့ ကွဲလွဲမှုရှိ မရှိသိနိုင်ဖို့ အဲဒီစီဒီခွေကိုဖွင့်ပြဖို့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၁ ရက်နေ့ရုံးချိန်းမှာ တင်ပြခဲ့ကြတာပါ။ ဒါပေမဲ့ တရားလိုဘက်က အဲဒီအသံဖိုင်စီဒီခွေကို တရားရုံးကိုပေးပို့ လာခြင်း မရှိသေးတဲ့အတွက် ဖွင့်ပြဖို့အကြောင်း မရှိဘူးသေးဘူးဆိုပြီး တရားရုံးကပယ်ချလိုက်တာဖြစ် တယ်လို့လည်း သိရပါတယ်။

ရသေ့တောင်မြို့မှာ ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်းက ပြုလုပ်ခဲ့တဲ့ ရခိုင့်အချုပ်အခြာအာဏာကျဆုံးတဲ့ အောက်မေ့ဖွယ် အခမ်းအနားတစ်ခုမှာ ဟောပြောခဲ့တာတွေနဲ့ပတ်သက်ပြီး ဒေါက်တာအေးမောင်နဲ့ ကိုဝေဟင်အောင် တို့ကို မတရားအသင်း ဆက်သွယ်မှု၊ နိုင်ငံတော် အကြည်ညိုပျက်စေမှုနဲ့ နိုင်ငံတော် ပုန်ကန်မှု စတဲ့ ပုဒ်မသုံးခုနဲ့ အစိုးရက ဖမ်းဆီး တရားစွဲဆိုထားတာဖြစ်ပါတယ်။

ဒီနေ့ တရားရုံးချိန်းမှာ မတရားအသင်းဆက်သွယ်မှုပုဒ်မအတွက် တရားလိုဖြစ်တဲ့ ရသေ့တောင်မြို့မ ရဲစခန်းမှူးကို စစ်ဆေးခဲ့ပြီး ကျန်တဲ့အမှုတွေအတွက်ပါ လာမယ့် မတ်လ ၁၄ ရက်နေ့ကို ထပ်မံချိန်းဆိုလိုက်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။