ဒေါက်တာအေးမောင် ကို ပါတီတာဝန်တွေ ရပ်ဆိုင်းဖို့ ANP ဆုံးဖြတ်


2018.01.07
anp-meeting-622.jpg ရခိုင်အမျိုးသားပါတီရဲ့ ဗဟိုကော်မတီ၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီ အစည်းအဝေးကို ၂ဝ၁၈ ခုနှစ် ဇန်နဝါရီလ ၇ ရက်နေ့က စစ်တွေမြို့ ပါတီဗဟိုဌာနချုပ်မှာ ကျင်းပစဉ်
Photo: Min Thein Aung/ RFA

ရခိုင်အမျိုးသားပါတီ ANP ဥက္ကဌ ဒေါက်တာအေးမောင်ကို ပါတီကနေ နုတ်ထွက်ခွင့်မပြုသေးဘဲ ဥက္ကဌနေရာနဲ့ တာဝန်ကို ရပ်ဆိုင်းထားဖို့ ပါတီဗဟိုကော်မတီ အစည်းအဝေးမှာ ဆုံးဖြတ်လိုက်ပါတယ်။

ပါတီရဲ့ ရှေ့လုပ်ငန်းစဉ်တွေကိုတော့ ဥက္ကဌအဖွဲ့၊ အတွင်းရေးမှူးအဖွဲ့တွေနဲ့ ရှေ့ဆက်ဆောင်ရွက် သွားမယ်လို့ ပါတီရဲ့ အထွေထွေအတွင်းရေးမှူး ဦးထွန်းအောင်ကျော် က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

"ဒီနေ့ ဗဟိုအလုပ်အမှုဆောင်ကော်မတီရဲ့ အစည်းအဝေးမှာ လက်ရှိ ကျနော်တို့ ဆွေးနွေးကြတဲ့ အခါ နုတ်ထွက် လွှာတင်ထားတဲ့အချိန်မှာတော့ ပြန်လည်သုံးသပ်ဖို့အတွက် အခြေအနေ အတိုင်းအတာ တစ်ခုလောက်ပေးရမယ်၊ ဒါပေမဲ့ နုတ်ထွက်လွှာကို ပြန်လည်သုံးသပ်နေတဲ့ အချိန်အတွင်းမှာတော့ ဥက္ကဌနေရာကို ရပ်ဆိုင်းထားမယ်လို့ ကျနော်တို့ ဗဟိုအလုပ်အမှုဆောင်ကော်မတီက ဆုံးဖြတ်ပါတယ်၊ အဲဒီနေရာမှာ ပါတီဖွဲ့စည်းပုံ ပုဒ်မ ၃၇(ဂ) အရ လစ်လပ်တဲ့ ဥက္ကဌနေရာကိုလည်း အစားထိုးခန့်အပ်ခြင်း မပြုဘဲနဲ့ ဥက္ကဌအဖွဲ့၊ အတွင်းရေးမှူးအဖွဲ့က ပါတီလက်ရှိ လုပ်စရာရှိတဲ့၊ ဆောင်ရွက်စရာရှိတဲ့ကိစ္စများကို စုပေါင်းလုပ်ဆောင်မှုနဲ့ပဲ ကျနော်တို့ ဆောင်ရွက်သွားမယ်၊ အဲဒီလို ဒီနေ့မနက်က ဆုံးဖြတ်ပါတယ်ခင်ဗျ"

ရခိုင်အမျိုးသားပါတီ ANP ရဲ့ ဗဟိုကော်မတီ၊ ဗဟိုအလုပ်အမှုဆောင် ကော်မတီအစည်းအဝေးကို ပြီးခဲ့တဲ့ ဇန်နဝါရီလ ၄ ရက်နေ့ကနေ ဒီနေ့အထိ စစ်တွေမြို့ ပါတီဗဟိုဌာနချုပ်မှာ ၄ ရက်ကြာ ကျင်းပပြုလုပ်ခဲ့ တာဖြစ်ပါတယ်။

ဒေါက်တာအေးမောင်ဟာ ပြီးခဲ့တဲ့နိုဝင်ဘာလ ၂၇ ရက်နေ့က ပါတီကနေ နုတ်ထွက်ခွင့်တင်ပြထားတာဖြစ်ပါတယ်။

ဒေါက်တာအေးမောင်ကတော့ ပါတီဘက်က ဘယ်လိုပဲဆုံးဖြတ်ဆုံးဖြတ် သူ့ရဲ့နုတ်ထွက်စာကို ရုပ်သိမ်းမှာ မဟုတ်ကြောင်း RFA ကို မနေ့က ပြောထားပါတယ်။

ဒါ့အပြင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ထုမေအပါအဝင် လွှတ်တော်ကိုယ်စားလှယ်အချို့ ပါတီကနေ နုတ်ထွက်ခွင့်တင်ထားတဲ့ ကိစ္စနဲ့ပတ်သက် ပြီးတော့လည်း ပါတီစည်းမျဉ်းတွေအရ ကာယကံရှင်တွေနဲ့ တိုက်ရိုက်ရှင်းလင်းစရာရှိနေသေးတဲ့အတွက် နုတ်ထွက်ခွင့်မပြုသေးဘူးလို့လည်း ပြောပါတယ်။

၄ ရက်ကြာကျင်းပပြုလုပ်ခဲ့တဲ့ ပါတီရဲ့ အစည်းအဝေးမှာ ရခိုင်ပြည်နယ်နိုင်ငံရေး အခြေအနေနဲ့ ရခိုင်အမျိုး သားနိုင်ငံရေး ရှေ့လုပ်ငန်းစဉ်တွေ၊ ပါတီကျစ်လစ်ခိုင်မာရေးနဲ့ ပါတီတည်ဆောက်ရေး၊ မွတ်စလင်တွေ ကို ပြန်လည်နေရာချထားရေးနဲ့ ပတ်သက်တဲ့ သဘောထား၊ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ (၂၁ ရာစုပင်လုံ) တက်ရောက်တာနဲ့ပတ်သက်ပြီး အကြံပြုချက် အစရှိတဲ့ အချက် ၄ ချက်ကို အဓိထားဆွေးနွေးခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။