လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ တရားဝင်ပါတီအဖြစ် ပြန်လည်ရပ်တည်မည်
ထိုင်း-မြန်မာ နယ်စပ်အခြေစိုက် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဟာ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်မယ်လို့ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီရဲ့ အထွေထွေအတွင်းရေးမှူး ဦးငွေလင်းက ပြောကြားလိုက်ပါတယ်။
-
2013-01-15 -
-
-
တရားဝင်ပါတီအဖြစ် မှတ်ပုံတင်ခွင့်ရပြီ ဖြစ်တဲ့အကြောင်းကို ဦးငွေလင်းက ဒီနေ့ ရန်ကုန်မြို့၊ ဗိုလ်တစ်ထောင်မြို့နယ်မှာရှိတဲ့ Home ခန်းမမှာကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ အခုလို ပြောကြားခဲ့ပါတယ်။
"ကျွန်တော်တို့ပါတီကို န.အ.ဖ အစိုးရက ၂၁နှစ်တိတိ နယ်စပ်ဒေသကို တွန်းပို့ထားတယ်၊ အခုအစိုးရက အပြောင်းအလဲများကို ဆောင်ရွက်တဲ့အခါမှာ ကျွန်တော်တို့ပါတီက ဗဟိုအစိုးရအဖွဲ့နဲ့ ညှိနှိုင်းဆောင်ရွက်ပြီးတဲ့အခါမှာ တရားဝင်ပါတီအဖြစ် မြေပေါ်မှာပြန်လည်ရပ်တည်တော့မှာဖြစ်တယ်"
မြန်မာ့နိုင်ငံရေးအပြောင်းအလဲကို လာရောက်လေ့လာတဲ့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီရဲ့ ပြည်တွင်းလေ့လာရေး ကိုယ်စားလှယ်အဖွဲ့ဟာ ပြည်တွင်းခရီးစဉ်နဲ့ပတ်သက်ပြီး ရှင်းလင်းပွဲတစ်ရပ်ကို ဒီကနေ့ကျင်းပရာမှာ ထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီရဲ့ ပြည်တွင်းခရီးစဉ်မှာ အစိုးရတာဝန်ရှိသူတွေ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဌတို့နဲ့ တွေ့ဆုံဆွေးနွေးပြီးတဲ့အတွက် မကြာခင် ပြည်တွင်းမှာ ပြင်ဆင်ရေးရုံးကို တည်ထောင်မှာဖြစ်ပြီး နောက် ၆လလောက်ဆိုရင် ပြည်တွင်းမှာ တရားဝင်ရပ်တည်နိုင်ဖို့ မှတ်ပုံတင်နိုင်မှာဖြစ်တယ်လို့ ဒီကနေ့တွေ့ဆုံပွဲမှာ ဦးငွေလင်းက ပြောကြားခဲ့ပါတယ်။
လက်ရှိ ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေကို လက်မခံပေမယ့် တည်ဆဲဥပဒေတွေအရ တရားဝင်ပါတီအဖြစ် မှတ်ပုံတင်မှာဖြစ်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကို လွှတ်တော်တွင်းနဲ့ လွှတ်တော်ပြင်ပ ပူးပေါင်းလုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ အထွေထွေအတွင်းရေးမှူး ဦးငွေလင်း ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ဒီဇင်ဘာလ ၂၆ရက်နေ့က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေး ဦးဆောင်တဲ့အဖွဲ့နဲ့ တွေ့ဆုံခဲ့ပြီး နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ရေးတို့ကို ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။