လူ့ဘောင်သစ်ပါတီ ၂၄ နှစ်ပြည့်မွေးနေ့ နဲ့ ပြည်တွင်းငြိမ်းချမ်းရေး

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (၂၄)နှစ်ပြည့် အခမ်းအနားကို ထိုင်းမြန်မာနယ်စပ် တနေရာမှာ ဒီကနေ့ကျင်းပခဲ့ပါတယ်။ မြန်မာပြည် ငြိမ်းချမ်းရေးအတွက် ဆက်လက်တိုက်ပွဲဝင်ကြ ရဦးမယ်လို့ ပါတီခေါင်းဆောင်တွေက ဒီကနေ့ အခမ်းအနားမှာ ပြောကြား လိုက်ပါတယ်။

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဌ ဦးအောင်မိုးဇော် လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ ဖေ့စ်ဘွတ်စာမျက်နှာ

မြန်မာပြည်ဟာ ဒီမိုကရေစီလမ်းကြောင်းပေါ်ကို ပြောင်းလဲလာနေပြီဆိုပေမယ့် ပြည်သူတရပ်လုံး လိုလားတဲ့ ငြိမ်းချမ်းရေးအတွက် ဆက်လက်ဆောင်ရွက်ရမှာဖြစ်တယ်လို့ ပါတီဥက္ကဌ ဦးအောင်မိုးဇော်က ပြောပါတယ်။

“ဒီကနေ့ ကျနော်တို့ပါတီရဲ့ slogan ကတော့ ငြိမ်းချမ်းရေးအတွက် ဆက်လက်တိုက်ပွဲဝင်ကြဆိုတဲ့ slogan ဖြစ်တယ်၊ အဓိကပြောချင်တာကတော့ ကျနော်တို့တိုင်းပြည်မှာ အခုအချိန်အထိငြိမ်းချမ်းရေး မရသေးဘူး တိုင်းပြည်ဟာ ကနေ့အချိန်အထိ စစ်မှန်တဲ့ ဒီမိုကရေစီရေး လမ်းကြောင်းပေါ်ကို အပြည့်အဝ မလျှောက်လှမ်းနိုင်သေးဘူး ဒီ့အတွက် ကျွန်တော်တို့ လုပ်စရာတွေ အများကြီးရှိတယ်၊ ဆက်ပြီးတော့ ကျွန်တော်တို့ ညီအကိုတော် မဟာမိတ်တွေ၊ တိုင်းရင်းသားတွေ နောက်ပြည်သူတွေနဲ့အတူ ခိုင်ခိုင်မာမာလက်တွဲပြီးတော့ ငြိမ်းချမ်းရေး၊ စစ်မှန်တဲ့ ဒီမိုကရေစီ ရရှိအောင်အတွက် ဆက်လက် ဆောင်ရွက်ကြဖို့ လိုသေးတယ်ဆိုတဲ့ message ကိုကျနော် ပေးချင်ပါတယ်”

လူ့ဘောင်သစ်အနေနဲ့ မြန်မာပြည်ထဲက နိုင်ငံရေးဖြစ်စဉ်တွေမှာ ပါဝင်ဆောင်ရွက်ဖို့ သံဓိဌာန်ချထားပြီးကြောင်း ပါတီပြန်အခြေစိုက်ဖို့လည်း အလားအလာကောင်းတွေ ရှိနေပြီလို့ ပါတီဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဦးဇော်ဇော်ထွန်းက ပြောပါတယ်။

“ကျနော်တို့ ပြန်မယ်ဆိုတဲ့ ကိစ္စကိုလည်း အလေးအနက်ထားပြီး အစိုးရ တာဝန်ရှိသူတွေနဲ့ ဆွေးနွေးနေပါတယ်၊ ပြောနိုင်တာကတော့ လောလောဆယ်မှာ အလားအလာကောင်းတယ်လို့ ပြောလို့ရပါတယ်၊ အခြေအနေက ကျနော်တို့ အဖွဲ့အစည်းအနေနဲ့ တရားဝင် ခိုင်ခိုင်မာမာ သဘောတူညီချက်တွေနဲ့ ပြန်ပြီးတော့ ပါတီကို မြေပေါ်မှာ တရားဝင် ပြန်လည် ရပ်တည်ဖို့ဆိုတဲ့ ကိစ္စကို အဓိကထား ဆွေးနွေးနေပါတယ်၊ အသေးစိတ်အချက်အလက်တွေ ဆွေးနွေးစရာပဲ ကျန်ပါတော့တယ်လို့ ကျနော်တို့ ပြောလို့ရပါတယ်”

လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီကို ၁၉၈၈ခုနှစ် အောက်တိုဘာလ(၁၄)ရက်နေ့မှာ ကျောင်းသားလူငယ်တွေနဲ့ စတင်တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org