အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ဥပဒေကြမ်း ရေးဆွဲနေပြီ
2014.11.24
အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှု တားဆီးကာကွယ်ရေး ဥပဒေကြမ်းကို လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန် လည်နေရာချထားရေးဝန်ကြီးဌာနက ရေးဆွဲနေကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်မှူး ချုပ်ကျော်ဇံမြင့်က ပြောကြားလိုက်ပါတယ်။
ဒီနေ့ ပြည်သူ့လွှတ်တော် စည်းဝေးပွဲမှာ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က အမျိုးသမီးတွေကို အကြမ်းဖက်မှုကနေ ကာကွယ်နိုင်ဖို့အတွက် သက်ဆိုင်ရာဝန်ကြီးဌာနက ဥပဒေရေးဆွဲပြဌာန်းပေးဖို့ မေးမြန်းခဲ့ တာဖြစ်ပြီး ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဇံမြင့်က ဥပဒေကြမ်းကို မကြာခင် လွှတ်တော်ကို တင်သွင်းမှာဖြစ်ကြောင်း ဖြေကြားပါတယ်။
"အမျိုးသမီးများအပေါ် အကြမ်းဖက်မှုမှ တားဆီးကာကွယ်ရေး ဥပဒေကြမ်းကို ၂ဝ၁၃ ခုနှစ် နိုဝင်ဘာလမှ ယနေ့အထိ အစည်းအဝေး ၆ ကြိမ် ကျင်းပပြုလုပ်ပြီး အခန်း ၉ အထိ ရေးဆွဲဆောင်ရွက်ပြီးကြောင်း သိရှိရပါတယ်၊ လူမှုစီးပွားရေး အခြေအနေများ၊ ယဉ်ကျေးမှုဆိုင်ရာ ရှေးရိုးစွဲအယူအဆများ သို့မဟုတ် ပဋိပက္ခများကြောင့် မတရားစော်ကားခံရမှုများမှ ကာကွယ်စောင့်ရှောက်နိုင်ရန်၊ လိင်မှုဆိုင်ရာ ကျားမရေးရာ အခြေခံအကြမ်းဖက်မှုများ တားဆီးကာကွယ်နိုင်ရန် စတဲ့ရည်ရွယ်ချက်များနဲ့ အမျိုးသမီးများကို အကြမ်းဖက်မှုမှ တားဆီးကာကွယ်ရေး ဥပဒေကြမ်းကို လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာန မှ ကော်မတီများဖွဲ့စည်းပြီး ရေးဆွဲဆောင်ရွက်ကာ လွှတ်တော်သို့တင်ပြရန် စီမံဆောင်ရွက်ပါကြောင်း ပြန်လည် ရှင်းလင်းဖြေကြားအပ်ပါတယ်"
ဒီနေ့ အစည်းအဝေးမှာ ဒေါ်ခင်စန်းလှိုင်က အမျိုးသမီးတွေ ခွဲခြားဆက်ဆံခံရမှုနဲ့ အကြမ်းဖက်ခံရမှုတွေကို တားဆီးကာကွယ်နိုင်တာမရှိကြောင်း ဆွေးနွေးတင်ပြခဲ့ပါတယ်။
မြန်မာနိုင်ငံဟာ ကုလသမဂ္ဂက ပြဌာန်းထားတဲ့ CEDAW ခေါ် အမျိုးသမီးများကို နည်းမျိုးစုံနဲ့ ခွဲခြားဆက်ဆံမှု ပပျောက်ရေးဆိုင်ရာ သဘောတူစာချုပ်မှာ လက်မှတ်ရေးထိုးထားပါတယ်။
စီဒေါ CEDAW စာချုပ်ကို နိုင်ငံပေါင်း ၁၈၇ ခုက လက်မှတ်ရေးထိုးထားပြီး မြန်မာနိုင်ငံက လွန်ခဲ့တဲ့ ၁၉၉၇ ခုနှစ်က ပါဝင်လက်မှတ်ရေးထိုးခဲ့တာဖြစ်ပါတယ်။