ဒေါ်လာဝယ်ယူမှုနဲ့ တစ်သောင်းတန်ငွေအတုကိစ္စ ဗဟိုဘဏ် တာဝန်ရှိသူတွေကို ခေါ်ယူတွေ့ဆုံ
ပြည်တွင်း ပုဂ္ဂလိကဘဏ်တွေဆီကနေ တစ်ဒေါ်လာကို မြန်မာကျပ်ငွေ ၁၅၇ဝ နှုန်းနဲ့ ဗဟိုဘဏ်က ဝယ်ယူခဲ့တဲ့ကိစ္စ၊ တသောင်းတန်ငွေစက္ကူအတု ကိစ္စတွေနဲ့ပတ်သက်ပြီး အမျိုးသားလွှတ်တော် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီက ဗဟိုဘဏ်တာဝန်ရှိသူတွေကို တွေ့ဆုံမေးမြန်းခဲ့ပါတယ်။
-
2018-12-20 -
-
-
Your browser doesn’t support HTML5 audio
တစ်ဒေါ်လာကို မြန်မာကျပ်ငွေ ၁၅၇၀ နှုန်းနဲ့ ဗဟိုဘဏ်က ပြည်တွင်းပုဂ္ဂလိက ဘဏ်တွေဆီက ဝယ်ယူခဲ့တာနဲ့ တသောင်းတန် ငွေစက္ကူအတုကိစ္စတွေနဲ့ ပတ်သက်ပြီး အမျိုးသားလွှတ်တော် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော် မတီက ဗဟိုဘဏ်တာဝန်ရှိသူတွေကို ဒီနေ့ နေပြည်တော်မှာ တွေ့ဆုံမေးမြန်းခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၄ ရက်နေ့မှာ အမေရိကန်ဒေါ်လာ သန်း ၂၀ နဲ့ ဒီဇင်ဘာ ၅ ရက်မှာ အမေရိကန်ဒေါ်လာ ၁၄ သန်း စုစုပေါင်း ၃၄ သန်းကို ဈေးကွက်ပေါက်ဈေးထက်မြင့်တဲ့ ဈေးနှုန်းဖြစ်တဲ့ ငွေကျပ် ၁၅၇၀ နဲ့ ဗဟိုဘဏ်က ဝယ်ယူခဲ့တယ်လို့ သိရပါတယ်။
တဆက်တည်းမှာပဲ ပြည်သူ့လွှတ်တော်ဘဏ်များနဲ့ ငွေကြေးကော်မတီဥက္ကဌ ဒေါ်ခင်စန်းလှိုင်က တသောင်းတန် အတုကိစ္စက တိုင်းပြည်စီးပွားရေးကို ထိခိုက်ရုံတင်မက နိုင်ငံတကာနဲ့ ဆက်ဆံတဲ့အခါ ယုံကြည်မှုလျော့ကျစေတယ် လို့ပြောပါတယ်။
အမျိုးသားလွှတ်တော် ပြည်သူ့ငွေစာရင်းကော်မတီဥက္ကဌ ဦးစောသန်းထွဋ်က ဗဟိုဘဏ်က ဒီလို ဒေါ်လာတွေကို ဝယ်ယူခဲ့ပေမယ့် သူတို့အနေနဲ့ ဈေးကွက်ကို မထိန်းနိုင်ဘူးလို့ ပြောခဲ့ကြောင်း ပြောပါတယ်။
"ဗဟိုဘဏ်ရဲ့ ရည်ရွယ်ချက်ထဲမှာ ဘာပါလည်းဆိုတော့ ငွေရေးကြေးရေး တည်ငြိမ်ဖို့ ထိန်းသိမ်းဖို့ဆိုတာ ပါတဲ့အတွက်ကြောင့် သူတို့က ဘောင်ထဲမှာဝင်လာတဲ့ ပမာဏကို ထိန်းပြီး ဝယ်ပေးတာပါ၊ ဈေးကွက်ကိုတော့ ဒီလောက် မထိန်းနိုင်ဘူးလို့ပြောပါတယ်၊ ဗဟိုဘဏ်က တကယ်ကို ထိန်းကျောင်းနိုင်တဲ့ အင်အားတော့ မရှိပါဘူးဆိုတာတော့ ပြောပါတယ်"
ဈေးကွက်ပေါက်ဈေး တဒေါ်လာကို ၁၅၆၀ ကျော်ပေါက်ဈေးရှိနေတဲ့ အချိန်မှာ ၁၅၇၀ ဝယ်ယူလို့ ဝေဖန်မှုတွေလည်း ရှိခဲ့ပါတယ်။
ဗဟိုဘဏ်တာဝန်ရှိသူတွေနဲ့ တွေ့ဆုံရာမှာ ပါဝင်တဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးသန်းစိုး (ဘောဂဗေဒ)က အဲဒီလိုဝယ်ယူမှုဟာ ဈေးကွက်အရ တိုင်းပြည်အတွက် နစ်နာမှုဖြစ်စေတယ်လို့ အခုလိုပြောပါတယ်။
"ဈေးကွက်အရဖြစ်သွားတဲ့ဟာမျိုးကို ဘေးကလူတစ်ယောက် အမြင်အရပြောရမယ်ဆိုရင် တိုင်းပြည်အတွက် နစ်နာတဲ့သဘောမျိုးကို တွေ့ရတယ်၊ ဘာဖြစ်လို့လည်းဆိုရင် ၁၅၇၀ လောက်နဲ့ဝယ်တာကို တွေ့ရတယ်၊ ဝယ်တာ ၃၄ သန်းဝယ်တယ်၊ ပထမရက်မှာ သန်း ၂၀ ဝယ်တယ်၊ ဒုတိယရက်မှာ ၁၄ သန်းဝယ်တယ်ဆိုတော့ တကယ့်ဈေးကွက်ထဲမှာက ၁၅၁၀၊ ၁၅၂၀ လောက်ပဲဖြစ်နေတယ်ဆိုတော့ အဲဒါကို ကျနော်တို့ ပြန်ပြီးတော့ တွက်ရမှာပေါ့နော်၊ အဲဒါက ကျနော်တို့ ဆုံးရှုံးတဲ့ ပမာဏပေ့ါနော်"
ဒါ့အပြင် ကားဈေးကွက်နဲ့ အခြားကုန်ပစ္စည်းအချို့ကိုလည်း ထိခိုက်စေခဲ့လို့ အဲဒါနဲ့ပတ်သက်ပြီး လွှတ်တော်မှာ အစီရင်ခံစာတင်သွင်းသွားမယ်လို့လည်း ပြောပါတယ်။
ပြည်သူ့လွှတ်တော် ဘဏ်များနဲ့ ငွေကြေးကော်မတီဥက္ကဌ ဒေါ်ခင်စန်းလှိုင်ကတော့ တသောင်းတန်အတုကိစ္စက တိုင်းပြည်စီးပွားရေးကို ထိခိုက်ရုံတင်မက နိုင်ငံတကာနဲ့ ဆက်ဆံတဲ့အခါ ယုံကြည်မှုလျော့ကျစေတယ်လို့ အခုလိုပြောပါတယ်။
"အရေးကြီးတာကတော့ သုံးစွဲနေတဲ့သူတွေကိုပေါ့နော် အရေးယူဖမ်းဆီးဖို့ ဆိုတာထက် ဒါတွေဟာ ဘယ်က ထွက်နေလဲဆိုတာ အတိအကျသိအောင်လုပ်ပြီးတဲ့နောက်မှာမှ ကျမတို့က အရေးကြီးတဲ့နေရာပေါ့နော် အဓိကနေရာကို ရအောင်ဖော်ထုတ်ပြီးတဲ့နောက်မှာ ဒါတွေကို ဟန့်တားဖို့လိုပါတယ်။ ဘာကြောင့်လဲဆိုတော့ မြန်မာနိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မူမှာ ဒီလို ငွေကြေးတုတွေ ထွက်နေတဲ့ကိစ္စဟာ အဟန့်အတား အနှောင့် အယှက်ဖြစ်သလို နိုင်ငံတကာနဲ့ ဆက်ဆံတဲ့နေရာမှာလဲ ဒီငွေကြေးအတုတွေနဲ့ ပတ်သက်ပြီး နိုင်ငံတော်ရဲ့ အပေါ်မှာ ယုံကြည်မူလျော့ကျနိုင်သလို နိုင်ငံတကာကလည်း လာရောက်တဲ့အချိန်မှာ ဒါတွေရဲ့အပေါ်မှာလည်း စိုးရိမ်ပူပန်မူမကင်းဖြစ်တာတွေလည်း ရှိနေသေးတော့ ဒါတွေက အဖက်ဖက်က ကောင်းတဲ့အခြေအနေနဲ့ ကောင်းတဲ့အနေအထား မဟုတ်ဘူးဆိုကိုတော့ နားလည်ထားပါတယ်"
ဒီကနေ့ လွှတ်တော်ကော်မတီနဲ့ တွေ့ဆုံရာမှာတော့ ဗဟိုဘဏ်တာဝန်ရှိသူက တသောင်းတန်အတုလို့ သံသယရှိရင် နီးစပ်ရာဘဏ်ကို သွားပြီး ပြသင့်တယ်လို့ ပြောခဲ့တယ်လို့ သိရပါတယ် ခင်ဗျာ။
ဒီသတင်းကို RFA သတင်းထောက် ကိုဝင်းကိုကိုလတ် ပေးပို့တာပါ။