ဒေါ်လာဈေး ထပ်မံမြင့်တက်ပြီး မြန်မာကျပ်ငွေတန်ဖိုး ဆက်လက်ကျဆင်းနေ

ဒေါ်လာဈေးဟာ ဩဂုတ် ၈ ရက်မနက်မှာ တစ်ဒေါ်လာကို မြန်မာကျပ်ငွေ ၅၅၀၀ ကျပ်အထိရှိလာပြီး မြန်မာကျပ်ငွေတန်ဖိုးလည်း ဆက်တိုက်ကျဆင်းနေတယ်လို့ နိုင်ငံခြားငွေလဲလှယ်ရေး လုပ်ငန်းလုပ်သူတွေက ပြောပါတယ်။

အမေရိကန် ဒေါ်လာနှင့် မြန်မာငွေစက္ကူများအား ၂၀၂၂ ခုနှစ် သြဂုတ်လ ၁၀ ရက်နေ့က တွေ့ရစဉ်။

အမေရိကန်ဒေါ်လာဈေးဟာ ဩဂုတ်လ ၈ ရက် ဒီကနေ့မနက်မှာ တစ်ဒေါ်လာကို မြန်မာကျပ်ငွေ ၅၅၀၀ ကျပ် အထိရှိလာပြီး မြန်မာကျပ်ငွေတန်ဖိုးလည်း ဆက်တိုက်ကျဆင်းနေတယ်လို့ နိုင်ငံခြား ငွေလဲလှယ်ရေး လုပ်ငန်းလုပ်သူတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လကုန်ပိုင်းက ပြင်ပစျေးကွက်မှာ အမေရိကန် တစ်ဒေါ်လာကို ၄၅၀၀ ကျပ်ခန့် ရှိခဲ့ရာကနေ တစ်လကျော်အတွင်းမှာ ကျပ်ငွေ တစ်ထောင်ကျော်အထိ မြင့်တက်လာတာပါ။

ဒီ့အပြင် ငွေလဲလှယ်တဲ့ ဈေးကွက်ထဲ ဒေါ်လာငွေလိုအပ်ချက်ရှိလာပြီး ဖမ်းဆီးအရေးယူမှုတွေကြောင့် အရောင်းအဝယ်တွေလည်း ယာယီရပ်ဆိုင်းသွားတာကြောင့် အခုလို အမေရိကန်ဒေါ်လာငွေ လဲလှယ်နှုန်းတွေ မြင့်တက်လာတာလို့ ဆိုပါတယ်။

ဒေါ်လာစျေး ဆက်တိုက်မြင့်တက်နေပေမဲ့ အရောင်းအဝယ် ပုံမှန်အခြေအနေဖြစ်နေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ နိုင်ငံခြားငွေ လဲလှယ်ရောင်းချသူ တစ်ဦးက RFA ကို ပြောပါတယ်။

“စျေးကတော့ ဒီလဆန်းပိုင်းကစပြီး တက်လာတာပေါ့။ လောလောဆယ်တော့ ၅၅၀၀ ဝန်းကျင်မှာပဲ ငြိမ်နေဦးမယ်ထင်တယ်။ အရောင်းအဝယ်ကတော့ ဝယ်လိုအားရှိတော့ ပုံမှန် အရောင်းအဝယ်ဖြစ်နေပါတယ်“

အမေရိကန်ဒေါ်လာ ငွေလဲလှယ်နှုန်းတွေ ဆက်တိုက်မြင့်လာသလို အခေါက်ရွှေဈေးနှုန်းတွေလည်း မြင့်တက်လာပါတယ်။

ဩဂုတ်လ ၈ ရက် ဒီမနက်မှာ အခေါက်ရွှေတစ်ကျပ်သား ကျပ်သိန်း ခုနစ်ဆယ် (၆,၉၅၀,၀၀၀) အထိ ရှိလာ တယ်လို့ ရွှေလုပ်ငန်းလုပ်ကိုင်နေသူတွေက ပြောပါတယ်။

တရားမဝင် နိုင်ငံခြားငွေလဲလုပ်ငန်းလုပ်ကိုင်သူတွေနဲ့ ငွေလဲနှုန်းတွေကို မတည်ငြိမ်အောင် လုပ်တယ်ဆိုတဲ့ စွပ်ဆွဲချက်နဲ့ လူ ၉၃ ဦးကို အရေးယူလိုက်တယ်လို့ စစ်ကောင်စီ ဗဟိုဘဏ်က သြဂုတ်လ ၁ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

အခုလိုအရေးယူနေပေမဲ့ ငွေလဲလှယ်နှုန်းတွေ မြင့်တက်လာတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီရဲ့ ဗဟိုဘဏ်၊ ငွေကြေးစီမံဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်ကျော်သန်းကို RFA က ဒီနေ့ တယ်လီ ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် စစ်အာဏာမသိမ်းခင်က အခေါက်ရွှေတစ်ကျပ်သားကို ၁၃ သိန်းကျော်သာ ရှိခဲ့ရာကနေ အခုတော့ အရင်ထက် ငါးဆအထိ မြင့်တက်နေတာဖြစ်သလို အာဏာမသိမ်းခင်က အမေရိကန်တစ်ဒေါ်လာကို ၁၃၀၀ ကျပ်သာ ရှိခဲ့ပေမဲ့ အခုအချိန်မှာ လေးဆကျော်အထိ မြင့်တက်နေပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org