အငြိမ်းစား ဗိုလ်ချုပ်ဟောင်းတွေ ဦးဆောင်မယ့် အမျိုးသား နိုင်ငံရေးဒီမိုကရက်တစ်ပါတီ DNP အနေနဲ့ အမျိုးသားရေးကို အဓိကဦးတည်ဆောင်ရွက်သွားမှာဖြစ်ကြောင်းနဲ့ လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဝင်ရောက်ယှဉ်ပြိုင်သွားမယ်လို့ ပါတီခေါင်းဆောင်တွေက ပြောလိုက်ပါတယ်။
အမျိုးသားရေးလို့ဆိုရာမှာ တိုင်းရင်းသား ၁၃၅ မျိုးလုံးရဲ့ အကျိုးအတွက် ဆောင်ရွက်သွားမှာဖြစ်ကြောင်း အမျိုးသား နိုင်ငံရေးဒီမိုကရက်တစ်ပါတီ ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ အငြိမ်းစား ဗိုလ်ချုပ်ဟောင်း ဦးစိုးမောင်က ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ်က Orchid ဟိုတယ်မှာ ဒီနေ့ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားလိုက်တာဖြစ် ပါတယ်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ရေးကို လက်ခံပေမယ့် ဥပဒေဘောင်အတွင်းက ဖြစ်ရမယ်လို့လည်း DNP ခေါင်းဆောင်တွေက ပြောပါတယ်။
DNP ပါတီကို အငြိမ်းစားဗိုလ်ချုပ်ဟောင်း ဦးစိုးမောင်နဲ့ ဗိုလ်ချုပ်ဟောင်း ဦးလွန်းမောင်တို့က ဦးဆောင်မှာဖြစ်ပြီး ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က မေလ ၁၇ ရက်နေ့မှာ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုထားတာ ဖြစ်ပါတယ်။
ဗိုလ်ချုပ်ဟောင်း ဦးစိုးမောင်ဟာ သမ္မတ ဦးသိန်းစိန် လက်ထက်က သမ္မတရုံးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပြီး ဗိုလ်ချုပ်ဟောင်း ဦးလွန်းမောင်ကတော့ ပြည်ထောင်စု စာရင်းစစ်ချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ကာ သမ္မတ ဦးသိန်းစိန် လက်ထက်က ရာထူးကနေ ဖယ်ရှားခံခဲ့ရသူဖြစ်ပါတယ်။ လက်ရှိ မွန်ပြည်နယ် ဘီးလင်းမြို့မှာ အောင်ပြည့်စုံဆိုတဲ့ ဆိုင်နာမည်နဲ့ ထမင်းဆိုင် ဖွင့်လှစ်ရောင်းချနေသူ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ နိုင်ငံတော် သမ္မတ ဦးသိန်းစိန် လက်ထက်တုန်းက သမ္မတရုံး ဝန်ကြီး အဖြစ် တာဝန်ထမ်းဆောင်ခဲ့သလို တပ်မတော်မှာလည်း စစ်ဥပဒေချုပ်အထိ ထမ်းဆောင်ခဲ့တဲ့ ဒုတိယဗိုလ်ချုပ်ကြီးဟောင်း ဦးစိုးမောင် ဦးဆောင်တဲ့ အမျိုးသားနိုင်ငံရေး ဒီမိုကရက်တစ်ပါတီ (DNP) ဟာ သူတို့ပါတီမူဝါဒတွေနဲ့ ပတ်သက်ပြီး ဒီနေ့ မိတ်ဆက်ခဲ့ပါတယ်။
လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး DNP ပါတီသဘောထားကို မေးမြန်းရာမှာတော့ ပါတီဥက္ကဋ္ဌ ဦးစိုးမောင်က အခုလိုပြောပါတယ်။

"ကျနော်တို့ ပါတီရဲ့သဘောထားကတော့ အမျိုးသားအကျိုးစီးပွား ကိုပဲ ဦးတည်ပြီးဆောင်ရွက်မှာဖြစ်ပါတယ် ပြင်ဆင်ရေးနဲ့ ပတ်သက်လို့ ကျနော်တို့ သူ့ဟာသူအချိန်တန်ရင် နိုင်ငံရေးရေချိန် မြင့်လာရင် ဒီမိုကရေစီရေချိန်မြင့်လာပြီဆိုတဲ့အချိန်မှာ ကျနော်တို့ အလိုအလျောက် ပြောင်းလဲသွားမှာဖြစ်ပါတယ် ပြင်လို့လည်း ရသွားမှာဖြစ်ပါတယ် ဒီအချိန်မှာ ဇွတ်လုပ်တယ်ဆိုတော့ နည်းနည်းလေးတော့ ဆန္ဒစောတယ်လို့ ကျနော်တင်ပြလိုပါတယ် ”
လက်ရှိအချိန်မှာ ပြည်သူတွေဟာ စားဝတ်နေရေးအခက်အခဲဖြစ်တာ၊ တိုင်းရင်းသားနေရာတွေမှာ အဖက်ဖက်ကနှိမ့်ကျနေတာကြောင့် တတ်သိပညာရှင်တွေအပါအဝင် တပ်မတော်သားဟောင်းတွေက အမျိုးသားအကျိုးစီးပွားအတွက် ရှေးရှုပြီး အခုလို ပါတီနိုင်ငံရေး လုပ်တာလို့လည်း ပါတီထိပ်ပိုင်းခေါင်းဆောင်တွေက ပြောပါတယ်။
အမျိုးသားအကျိူးစီးပွားနဲ့ပတ်သက်ပြီး ပြည်သူတွေအတွက် အကျိူးရှိတဲ့ကိစ္စတွေမှာ ဘယ်ပါတီနဲ့မဆို ပူးပေါင်းဆောင်ရွက်မှာဖြစ်ပြီး အမျိုးသားရေးကို ထိပါးတဲ့ကိစ္စတွေမှာဆို မည့်သည့်ပါတီ၊ မည့်သည့်အဖွဲ့ကိုမဆို ဆန့်ကျင့်ကန့်ကွက်သွားမယ်လို့ ပါတီဥက္ကဋ္ဌက ပြောပါတယ်။
ရခိုင်ပြည်နယ်မှာ ရက္ခိုင့်တပ်တော်နဲ့ အစိုးရတပ်မတေ်ာတို့ တိုက်ပွဲတွေဖြစ်ပွားနေတာနဲ့ ပတ်သက်ပြီး DNP ပါတီ သဘောထားမေးမြန်းရာမှာတော့ ဥက္ကဋ္ဌ ဦးစိုးမောင်က အခုလိုပြောပါတယ်။
"ကျနော်တို့အမျိုးသားလုံခြုံရေး လုံခြုံရေးထိခိုက်ရင်တော့ ကျနော်တို့လက်မခံနိုင်ဘူး အမျိုးသားလုံခြုံရေး ဆိုတာက မြေထု၊ ရေထု၊ လေထု ပိုင်တဲ့ပင်လယ် အချုပ်အခြာအာဏာ အဲဒါ ထိပါးလာရင်တော့ ခင်ဗျားလည်း နိုင်ငံသား၊ ကျနော်လည်းနိုင်ငံသား ခင်ဗျာခံယူချက်အတိုင်းပဲ ကျနော်လည်း အဲလိုယုံကြည်တယ်"
DNP ပါတီမှာ ဒုဗိုလ်ချုပ်ကြီးဟောင်း ဦးစိုးမောင်က ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်မှာဖြစ်ပြီး ဒုတိယဥက္ကဋ္ဌ အဖြစ် စာရင်းစစ်ချုပ် အငြိမ်းစား ဒုဗိုလ်ချုပ်ကြီးဟောင်း ဦးလွန်းမောင်နဲ့ NDF ပါတီမှာလည်း ပါဝင်ဆောင်ရွက်ခဲ့ပြီး ပြီးခဲ့တဲ့ ဦးသိန်းစိန်အစိုးရလက်ထက်တုန်းက စမ်းချောင်းပြည်သူ့လွတ်တော်ကိုယ်စားလှယ်ဟောင်း ဦးစိုးလွင်တို့က ဒုဥက္ကဋ္ဌ အဖြစ် တာဝန်ယူမှာဖြစ်ပါတယ်။
DNP ပါတီမှာ တပ်မတော်သားဟောင်း ရှစ်ဦးလောက်သာ ပါဝင်တာဖြစ်ပြီး အရပ်သားတွေ၊ တတ်သိပညာရှင်တွေနဲ့ ဖွဲ့စည်းထားတာလို့ ပါတီတာဝန်ရှိသူတွေက ပြောပါတယ်။
လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ တိုင်းနဲ့ပြည်နယ်အားလုံးမှာ ဝင်ရောက်ယှဉ်ပြိုင်သွားမယ်လို့ DNP ပါတီ အတွင်းရေးမှူး အဖွဲ့ဝင် ဦးခင်မောင်ကြည်က ပြောပါတယ်။

"ကျနော်တို့ရဲ့ စည်းရုံးရေးနယ်နိမိတ်ကတော့ တိုင်းပြည်နဲ့အဝှမ်း တစ်နိုင်ငံလုံး ခြုံငုံပြီးတော့ ဆောင်ရွက်မှာဖြစ်ပါတယ်။ ရွေးကောက်ပွဲ မှာလည်း ကျနော်တို့က ရနိုင်သမျှ လွှတ်တော်နေရာအားလုံးကို ယှဉ်ပြိုင်နိုင်ရေးကို ကြိုးစားဆောင်ရွက်သွားမှာ ဖြစ်ပါတယ်"
DNP ပါတီကို ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေ လမ်းညွှန်မှုနဲ့ တည်ထောင်တယ်ဆိုတဲ့ မေးခွန်းနဲ့ ပတ်သက်ပြီး ပါတီဥက္ကဋ္ဌ ဦးစိုးမောင်က ငြင်းဆိုလိုက်ပြီး ဘယ်သူလမ်းညွှန်မှုမှမပါဘဲ ပြည်သူတွေ လိုအပ်ချက်ကြောင့် ကိုယ်သဘောနဲ့ကို ပါတီထူထောင် တာလို့ ပြောပါတယ်။
အမျိုးသားအကျိူးစီးပွားအတွက် ပါတီတည်ထောင်တာဖြစ်ပြီး DNP ပါတီသာ အာဏာရခဲ့ရင် ဒီထက်ပြည်သူတွေ မဆင်းရဲအောင် ဆောင်ရွက်သွားမယ်လို့လည်း ဦးစိုးမောင်က ပြောပါတယ်။
"အားလုံးရာနှုန်းပြည့်လုပ်နိုင်အောင်ကြိုးစားပြီး ဆောင်ရွက်မယ်ဆိုပြီးတော့ လက်ရှိ ပကတိအခြေအနေ မူတည်ပြီး သုံးသပ်ပြီးတော့မှ ဆုံးဖြတ်ချထားတဲ့ပါတီဖြစ်ပါတယ် အဲတော့ ကျနော်တို့သာ တာဝန်ရရင် စီးပွားရေး တိုးတက်အောင် လုပ်မှာဖြစ်ပါတယ် ကျနော်တို့တိုင်းပြည်ဟာ ဘယ်လိုမှ ဆင်းရဲစရာအကြောင်းမရှိဘူး သယံဇာတပေါများကြွယ်ဝပါတယ် ဒါတွေကို နည်းပညာလွဲပြောင်းယူနိုင်အောင်လုပ်ဖို့လည်း လိုပါတယ် နိုင်ငံသားများရဲ့တာဝန်ကတော့ အလုပ်လုပ်ဖို့လိုပါတယ်"
မနက်ဖြန်မှာ နေပြည်တော်မှာ ပါတီရုံးချုပ်ကို ဖွင့်လှစ်မှာဖြစ်ပြီး နောက်ပိုင်းမှာ မန္တလေး၊ ရန်ကုန်စတဲ့ တိုင်းဒေသကြီးတွေ၊ပြည်နယ်တွေမှာ ပါတီရုံးခွဲတွေ ဖွင့်လှစ်သွားမယ်လို့ သိရပါတယ်။
(RFA သတင်းထောက် ကိုကျော်လွင်ဦး ပေးပို့သည်)