DMG သတင်းထောက်နဲ့ ရုံးဝန်ထမ်း အကြမ်းဖက်ပုဒ်မနဲ့ ပြောင်းလဲအမှုဖွင့်ခံရ

ရခိုင်ပြည်နယ်၊ စစ်တွေမြို့အခြေစိုက် သတင်းဌာန Development Media Group ၏ ရုံးခန်းအား ၂ဝ၁၉ ခုနှစ်က တွေ့ရစဉ်။
ရခိုင်ပြည်နယ်၊ စစ်တွေမြို့အခြေစိုက် သတင်းဌာန Development Media Group ၏ ရုံးခန်းအား ၂ဝ၁၉ ခုနှစ်က တွေ့ရစဉ်။ (Photo: RFA)

ရခိုင်ပြည်နယ်၊ စစ်တွေမြို့အခြေစိုက် Development Media Group သတင်းဌာနရဲ့ သတင်းထောက်နဲ့ ရုံးဝန်ထမ်းကို အရင်အမှုဖွင့်ထားတဲ့ ဆက်သွယ်ရေးဥပေဒပုဒ်မကနေ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ ပြောင်းလဲပြီး အမှုဖွင့်လိုက်တယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။

၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂၉ ရက်နေ့မှာ ဖမ်းဆီးခံခဲ့ရတဲ့ DMG သတင်းထောက် ကိုထက်အောင်နဲ့ ရုံးဝန်ထမ်း ကိုစိုးဝင်းအောင်တို့ကို ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၅ နဲ့ အမှုဖွင့်ပြီး ရဲစခန်းမှာ သုံးလခန့်ချုပ်ထားခဲ့တာပါ။

ဒါပေမဲ့ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလအတွင်း ထောင်ဘက်ကို ပြောင်းရွှေ့ချိန်မှာတော့ စစ်ကောင်စီတပ်ဘက်က အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂ (က) နဲ့ ပြောင်းလဲပြီးအမှုဖွင့်ခဲ့တာလို့ ဆိုပါတယ်။

သတင်းထောက်ကို အကြမ်းဖက်ပုဒ်မနဲ့ အမှုဖွင့်တာဟာ မတရားဘူးလို့ သတင်းထောက် ကိုထက်အောင်ရဲ့ မိသားစုဝင်တစ်ဦးက RFA ကို ပြောပါတယ်။

“မိသားစုအနေနဲ့ အတော်လေး စိတ်မကောင်းဖြစ်မိတယ်။ သတင်းသမားတစ်ယောက်ကို အကြမ်းဖက်ပုဒ်မနဲ့ အမှုဖွင့်လိုက်တာက တရားလွန်တာပေါ့။ နိုင်ငံရေးလုပ်တာလည်း မဟုတ်ဘူး။ သတင်းယူတဲ့အလုပ် လုပ်တဲ့သူကို အဲလိုပုဒ်မတွေနဲ့ တပ်လိုက်တော့ သူ့အတွက်လည်း စိုးရိမ်တယ်"

နှစ်ဦးစလုံးကို ဖမ်းဆီးပြီးနောက်ပိုင်း ခြောက်လအတွင်း အမှုနှစ်ခုပြောင်းလဲဖွင့်ခဲ့ပေမယ့် ဒီနေ့အထိ တရားရုံးတင် စစ်ဆေးတာမရှိဘူးလို့လည်း ဆိုပါတယ်။

ဒီအပေါ်တိတိကျကျသိရဖို့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ် ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဧရိယာပြင်ပရောက်နေတာကြောင့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

မြန်မာနိုင်ငံမှာ သတင်းထောက်တစ်ဦး အသတ်ခံရပြီး သတင်းထောက် ၅၉ ဦးနဲ့ သတင်းမီဒီယာအလုပ်သမား သုံးဦး စုစုပေါင်း ၆၂ ဦး ဖမ်းဆီးခံထားရတယ်လို့ နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (RSF) ရဲ့ ၂၀၂၄ ခုနှစ်အတွက် ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့် အညွှန်းကိန်းနဲ့ပတ်သက်တဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။