DKBA တပ်ရင်းမှူး တစ်ဦး လုပ်ကြံခံရလို့ သေဆုံး

လုပ်ကြံခံရတဲ့ DKBA က တပ်ရင်းမှူးအဆင့်ရှိတဲ့ ဒုဗိုလ်မှူးကြီး စောဝေ့ထူး ကို တွေ့ရစဉ်
လုပ်ကြံခံရတဲ့ DKBA က တပ်ရင်းမှူးအဆင့်ရှိတဲ့ ဒုဗိုလ်မှူးကြီး စောဝေ့ထူး ကို တွေ့ရစဉ် (Photo: DKBA)

0:00 / 0:00

DKBA ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော်က တပ်ရင်းမှူးအဆင့်ရှိတဲ့ ဒု-ဗိုလ်မှူးကြီး စောဝေ့ထူးဟာ ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ချောင်းတောင်ရပ်ကွက်မှာ မနေ့ည ၇ နာရီဝန်းကျင်လောက်က သေနတ်နဲ့ လုပ်ကြံခံရလို့ သေဆုံးသွားပါတယ်။

ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် DKBA ၉၀၉ တပ်ရင်းက အသက် ၄၉ နှစ်အရွယ် ဒု-ဗိုလ်မှူးကြီး စောဝေ့ထူး ဟာ မနေ့ည ၇ နာရီဝန်းကျင်လောက်က ကော့ကရိတ်မြို့ပေါ် အမှတ် ၁ ရပ်ကွက် ချောင်းတောင် ကွက်သစ် ၂ လမ်း က သူ့ရဲ့နေအိမ်မှာ ရှိနေစဉ် လူတစ်ယောက်က သေနတ်နဲ့ ပစ်ခတ်လုပ်ကြံခဲ့တာဖြစ်ပါတယ်။

နေအိမ်ဧည့်ခန်းမှာထိုင်နေစဉ် သေနတ်နဲ့ ခြောက်ချက်ပစ်ခတ်ခံခဲ့ရတာဖြစ်ပြီး ရင်ဘတ်နဲ့ လက်တို့မှာ ထိမှန်ခဲ့တဲ့ ဒဏ်ရာတွေကြောင့် ကော့ကရိတ်ဆေးရုံကို ပို့ဆောင်စဉ်မှာပဲ သေဆုံးခဲ့တာပါ။

DKBA ဒု-စစ်ဦးစီးချုပ် ဒု-ဗိုလ်ချုပ်ကြီး စောစတီး

ဒီကိစ္စဟာ DKBA တပ်ဖွဲ့အတွက် ဆုံးရှုံးမှုတစ်ခုဖြစ်တယ်လို့ DKBA ဒု-စစ်ဦးစီးချုပ် ဒု-ဗိုလ်ချုပ်ကြီး စောစတီးက ပြောပါတယ်။

"အဲဒီမှာရှိနေတဲ့ ရဲ၊ စရဖ၊ SB နဲ့ တပ်တို့ ပူးပေါင်းပြီးတော့ လူသတ်သမားကို မရရအောင်ဖော်ထုတ်သွားမယ်လို့ ဆုံးဖြတ် ထားပါတယ်၊ တရားခံကိုမိရင် ဘာအကြောင်းကြောင်းနဲ့ ပစ်သတ်ရတာလဲဖော်မှာပါ"

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ကရင်ပြည်နယ်ရဲတပ်ဖွဲ့က ရဲမှူးကြီး အောင်မြတ်မိုး ကို RFA က ဖုန်းနဲ့ အကြိမ်ကြိမ် ဆက်သွယ်ပေ မယ့်လည်း ဖုန်းလက်ခံဖြေကြားတာ မရှိခဲ့ပါဘူး။

ကရင်ပြည်နယ်ထဲက မြို့နယ်အသီးသီးမှာ လက်နက်ကိုင်တပ်ဖွဲ့တွေ သွားလာလှုပ်ရှားတာတွေရှိကြသလို ကော့ကရိတ်မြို့ပေါ်မှာဆိုရင် လည်း လက်နက်ကိုင်အဖွဲ့အစည်းတွေရှိကြပေမယ့် အခုလိုဖြစ်စဉ်မျိုး မြို့ပေါ်မှာ အရင်ကမရှိခဲ့ဘူးလို့ ဒေသခံတွေက ပြောကြပါတယ်။

ပုဂ္ဂိုလ်ရေးအရ မကျေနပ်လို့သာ အခုလို လုပ်ကြံတာမျိုးဖြစ်နိုင်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ရဲ့ ကော့ကရိတ်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုးဌေးက ပြောပါတယ်။

"သူတို့ပုဂ္ဂိုလ်ရေးပဲ အဖွဲ့အစည်းကြောင့် နယ်မြေတွေကြောင့် မဟုတ်ပါဘူး၊ ကျွန်တော့် စိတ်ထင်ပေါ့လေ၊ ကျွန်တော်တို့လည်း တစ်ယောက်တည်းလျှောက်သွားနေတာပဲ၊ သေနတ်ကိုင်တဲ့အဖွဲ့တွေတော့ ရှိတာပေါ့ဗျာ၊ တစ်ယောက်နဲ့ တစ်ယောက် အချင်းချင်းများ စကားများကြတာလားဆိုတာ မေးကြည့်တော့ ဘာမှပြန်မပြောဘူး ဒီမှာက DKBA ဆက်ဆံရေးရုံးလည်း ရှိတယ်လေ"

DKBA တပ်ဖွဲ့က အရာရှိတွေရဲ့လုံခြုံရေးပိုင်းတာဝန်ထမ်းဆောင်သူတွေရဲ့ ပေါ့ဆမှုကြောင့် ခုလို တပ်ရင်းမှူးအဆင့် ရှိသူတစ်ဦး ဆုံးရှုံးခဲ့ရတာလို့လည်း ဒု-ဗိုလ်ချုပ်ကြီး စောစတီး က ပြောပါတယ်။

နောက်ပိုင်းမှာ လုံခြုံရေးပိုင်းကို တိုးမြှင့်ဖို့စီစဉ်သွားမယ်လို့လည်း သူက ဆက်ပြောပါတယ်။

"သူ့အနားမှာ လုံခြုံရေးယူပေးတဲ့သူတွေက တာဝန်မသိလို့ အလေးမထားလို့ သူ့အရာရှိရဲ့အသက်ကို တန်ဖိုး မထားလို့ အဲဒီလိုဖြစ်တယ်လို့မြင်တယ်၊ DKBA အဖွဲ့ထဲမှာ လုံခြုံရေးနဲ့ပတ်သက်လို့ တစ်အားတိုးမြှင့်ဖို့လိုပြီ လို့မြင်တယ်၊ မြို့ထဲမှာလည်းဖြစ်နေတယ် မြို့ပေါ်မှာ သောင်းကျန်းသူတွေများတယ်၊ မြို့မှာဆိုရင် လုံခြုံရေးက တစ်ရာရာခိုင်နှုန်းထားရမှာ အဲဒါကတော့ သူ့ရဲ့အားနည်းချက်ပဲ"

လက်ရှိအချိန်အထိ လုပ်ကြံသွားတဲ့ သေနတ်သမားကို ဖမ်းဆီးရမိထားခြင်း မရှိသေးဘူးလို့ သိရပါတယ်။

DKBA အဖွဲ့ဟာ KNU ကနေ ၁၉၉၄ ခုနှစ်မှာ ခွဲထွက်ခဲ့ပြီးနောက် တိုးတက်သောဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော်အဖြစ် ရပ်တည်ခဲ့ရာကနေ ၂၀၁၂ ခုနှစ်မှာတော့ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် DKBA အဖြစ် အမည်ပြောင်းလဲ ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။ ဘုရားသုံးဆူ၊ မြိုင်ကြီးငူ၊ လှိုင်းဘွဲ့၊ ကြာအင်းဆိပ်ကြီးနဲ့ ကော့ကရိတ် မြို့နယ်တွေဟာ DKBA သွားလာလှုပ်ရှားတဲ့ နေရာတွေဖြစ်ပါတယ်။

DKBA ဟာ ၂၀၁၅ ခုနှစ် အောက်တိုဘာမှာ အစိုးရနဲ့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA လက်မှတ်ရေးထိုးခဲ့တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ဖွဲ့လည်း ဖြစ်ပါတယ်။

(RFA သတင်းထောက် ကိုကျော်သူ ပေးပို့သည်)