လှည်းတန်းနဲ့ မြေနီကုန်းမှာ ဆန္ဒပြဖို့လူစုနေစဉ် ဖြိုခွင်းခံရ

၂၀၂၁၊ ဖေဖော်ဝါရီ ၂၇ ရက်နေ့ မနက်မှာ ရန်ကုန်မြို့၊ မြေနီကုန်းမှာ မျက်ရည်ယိုဗုံး ပစ်ဖောက်ပြီး ဆန္ဒပြသူတွေကို ဖြိုခွင်းတာကို တွေ့ရစဉ်
၂၀၂၁၊ ဖေဖော်ဝါရီ ၂၇ ရက်နေ့ မနက်မှာ ရန်ကုန်မြို့၊ မြေနီကုန်းမှာ မျက်ရည်ယိုဗုံး ပစ်ဖောက်ပြီး ဆန္ဒပြသူတွေကို ဖြိုခွင်းတာကို တွေ့ရစဉ် (Photo: RFA)

ရန်ကုန်မြို့ လှည်းတန်းနဲ့ မြေနီကုန်းမှာ ဖေဖော်ဝါရီ ၂၇ ရက် ဒီကနေ့မနက် ၉ နာရီလောက်က ဆန္ဒပြဖို့ လူစုနေစဉ် လူအုပ်ကြီးစုစည်းလို့မရအောင် ရဲတပ်ဖွဲ့ဝင်တွေက မျက်ရည်ယိုဗုံးတွေပစ်ပြီး အကြမ်းဖက် ဖြိုခွဲနေပါတယ်။

သတင်းထောက်တွေကို ပစ်မှတ်ထားဖမ်းဆီးနေပြီး ဓာတ်ပုံသတင်းထောက်တွေဖြစ်ကြတဲ့ MPA က ကိုရဲမျိုးခန့်နဲ့ AP က ကိုသိန်းဇော်တို့ဟာ လှည်းတန်းမှာ သတင်းရယူနေစဉ် ဒီနေ့မနက်မှာပဲ ဖမ်းဆီးခံလိုက်ရပါတယ်။

သူတို့နဲ့အတူ ဆန္ဒပြနေသူတွေ ၁၀ ဦးထက်မနည်း ဖမ်းဆီးခံလိုက်ရပြီး ရဲတပ်ဖွဲ့ဟာ လှည်းတန်းဈေးအနီး လမ်းသွယ်တွေထဲအထိပါ မျက်ရည်ယိုဗုံးတွေနဲ့ ပစ်ခတ်နေပြီး ဈေးရောင်းချနေသူတွေကိုပါ ဖမ်းဆီးနေတာဖြစ်ပါတယ်။

လှည်းတန်းစင်တာ၊ လှည်းတန်းကုန်းတံတားအောက်နဲ့ မြေနီကုန်း ကုန်းတံတားအောက်တွေမှာ ရဲတပ်ဖွဲ့ဝင်တွေဟာ မနက် ၈ နာရီလောက်ထဲက နေရာယူထားကြတာဖြစ်ပါတယ်။

မြေနီကုန်း ခုံးတံတားမှာလည်း မျက်ရည်ယိုဗုံးတွေနဲ့ ပစ်ခတ်ကာ စမ်းချောင်းလမ်း ၊ ဗားကရာလမ်းတွေထဲအထိ ဝင်ရောက်ဖမ်းဆီးနေတာဖြစ်ပြီး ဆန္ဒပြသူတွေ ၁၀ ဦးထက်မနည်း ဖမ်းဆီးခံထားရပါတယ်။

သတင်းထောက်တွေလည်း နီးစပ်ရာအိမ်တွေမှာ ဝင်ရောက်ပုန်းရှောင်နေကြရပြီး မျက်ရည်ယိုဗုံးမီးခိုးတွေ မွှန်ထိမိကာ ပိတ်မိနေကြပါတယ်။