ဒုက္ခသည်တွေကို နေရပ်ပြန်ဖို့ အာဏာပိုင်တွေ ညွှန်ကြား


2018.12.25
rakhine-refugees-622.jpg တိုက်ပွဲဖြစ်ပွားနေတာကြောင့် ငစရိုင်းကိုင်းကျေးရွာကို ထွက်ပြေးခိုလှုံလာကြတဲ့ စစ်ဘေးဒုက္ခသည်တွေကို တွေ့ရစဉ်
Photo: Min Thein Aung/ RFA

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ယိုးချောင်းဖျားဒေသမှာ မြန်မာ့တပ်မတော်ရဲ့ ရက္ခိုင့်တပ်မတော် AA တို့ရဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရတဲ့ စစ်ဘေးဒုက္ခသည်တွေကို အာဏာပိုင်တွေဘက်က ဒီနေ့မနက်က နေရပ်ပြန်ခိုင်းနေတယ်လု့ိ သိရပါတယ်။

စစ်ဘေးဒုက္ခသည်တွေ နေရပ်ပြန်ဖို့အတွက် သက်ဆိုင်ရာ ကျေးရွာအုပ်ရေးမှူးတွေဆီကို ကျောက်တော်မြို့နယ် ရဲတပ်ဖွဲ့က ဒီနေ့မနက်က ဖုန်းဆက်အကြောင်းကြားလာတယ်လို့ သလူချောင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမောင်ဝင်းက RFA ကိုပြောပါတယ်။

စစ်ဘေးဒုက္ခသည်တွေကို တင်ဆောင်ဖို့အတွက်ဖို့အတွက် စက်လှေတွေကို ဒုက္ခသည်တွေရှိရာဆီကို ပို့ဆောင်ပေးဖို့ အဓိက ညွှန်ကြားလာတာလို့လည်း ဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး သလူချောင်းကျေးရွာအုပ်စုအတွင်းမှာ ပါဝင်တဲ့ ကျေးရွာပေါင်း ၁၉ ရွာကို လှမ်းအကြောင်း ကြားထားတယ်လို့လည်း ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်ဝင်းကပြောပါတယ်။

ကျောက်တော်မြို့နယ် ကန်စောက်၊ တောင်မင်းကုလား၊ သလူချောင်း၊ ငစရိုင်းကိုင်း စတဲ့ကျေးရွာတွေမှာ တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရတဲ့ စစ်ဘေးဒုက္ခသည် ၁၀၀၀ ကျော်ရှိနေတာဖြစ်ပါတယ်။

တပ်မတော်က ယိုးချောင်းဖျားကျေးရွာတွေဘက်ကို သွားလာခွင့်ကန့်သတ်နေသလို စားနပ်ရိက္ခာ သယ်ယူခွင့်တွေ ကိုပါ ပိတ်ပင်နေတာကြောင့် ဒုက္ခသည်တွေဘက်က နေရပ်ပြန်မယ့်ကိစ္စကို ငြင်းဆန်နေကြပါတယ်။

ဒုက္ခသည်တွေ ထွက်ပြေးရောက်ရှိနေတဲ့ကျေးရွာတွေဆီကို သက်ဆိုင်ရာမူလကျေးရွာတွေက လှေတွေ ပို့ပေးရမယ် ဆိုတဲ့အကြောင်း ကန်စောက်ရဲစခန်းက ဖုန်းဆက်အကြောင်းကြားလာတာလို့ သလူချောင်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်ဝင်း က RFA ကို ပြောပါတယ်။

"ကန်စောက်ရဲစခန်းက ကျနော့်ကိုပြောတာက စစ်ဘေးဒုက္ခသည်တွေကို ဒီနေ့ပို့မယ်၊ ရွာကစက်လှေတွေကို ပို့လိုက်ဆိုပြီးတော့ပြောပါတယ်။ ကိုယ့်ရွာတွေကို ပြန်ခိုင်းတာပါ။ အဲဒီတော့ ထွက်ပြေးတိမ်းရှောင်မှုတွေရှိနေတဲ့ တောင်ပေါက်ရွာကို ကျနော်ဖုန်းဆက်ရပါတယ်။ စစ်ဘေးရှောင်နေတဲ့သူတွေကို ပြန်ခေါ်ဖို့ လှေတွေပို့ပေးလိုက်လို့ ကျနော်ပြောလိုက်တယ်"

ယိုးချောင်းအထက်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေကြောင့် ကျွန်းသာယာ၊ ချင်းမဝန်တောင်း၊ တွင်းပညာ၊ ခရုမော် အစရှိတဲ့ကျေးရွာတွေက ဒေသခံ ၁၀၀၀ ကျော်ဟာ ငစရိုင်းကိုင်း၊ သလူချောင်း၊ တောင်မင်းကုလား၊ ကန်စောက် စတဲ့ကျေးရွာတွေဆီကို ထွက်ပြေးရောက်ရှိနေကြတာဖြစ်ပါတယ်။

ဒုက္ခသည်တွေ နေရပ်ပြန်လို့ရပြီဆိုတဲ့အကြောင်းကို အမှတ်(၉) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ-၉) က ဒုက္ခသည်တွေနဲ့တွေ့ဆုံပြီး မနေ့ကပြောဆိုခဲ့တာလို့ ကျောက်တော်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသီဟဇော် က ပြောပါတယ်။

"ဟုတ်ပါတယ် မနေ့က တပ်မတော်က ဆင်းပြီးတော့မှ ပြောတာပါ။ ဒုက္ခသည်တွေဆီသွားပြီးတော့ပြောတာပါ။ ပြောတယ်ဆိုတာက ကျနော်သိသလောက်ပေါ့နော် အပေါ်မှာ တိုက်ပွဲတွေမရှိတော့ဘူး။ ဒါကြောင့် မိမိတို့နေရပ် ကို ပြန်ချင်တယ်ဆိုရင်ပြောပါ စက်လှေတွေဘာတွေစီစဉ်ပေးပါမယ်၊ အဲလိုပြောတယ်လို့သိရပါတယ်။ စကခ- ၉ ကပါခင်ဗျ"

ယိုးချောင်းအထက်ပိုင်း ချင်းမဝန်းတောင်ကျေးရွာရဲ့ ချောင်းတဘက်ကမ်းမှာ တပ်စွဲထားတဲ့ မြန်မာ့တပ်မတော်က လက်နက်ကြီးတွေနဲ့ နေ့စဉ်ပစ်ခတ်မှုတွေရှိခဲ့ရာကနေ အခုရက်ပိုင်းမှာတော့ ပစ်ခတ်မှုတွေ မရှိတော့ဘဲ ရပ်တန့်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။

တပ်မတော်က နေရပ်ပြန်လို့ရပြီလို့ပြောဆိုပေမယ့် ဒေသခံတွေဘက်ကတော့ ယုံကြည်စိတ်ချလို့မရသေးဘူးဆိုပြီး နေရပ်ပြန်ဖို့ငြင်းဆန်နေကြပါတယ်။

ဒါကြောင့် ဒီနေ့ညနေပိုင်းအထိ နေရပ်ပြန်တဲ့သူမရှိသေးဘူးလို့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေကပြောပါတယ်။

ဒုက္ခသည်တွေက နေရပ်မပြန်လိုသေးတဲ့အကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးတွေကို တင်ပြလာကြတယ်လို့ ငစရိုင်းကိုင်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်ဌေး ကပြောပါတယ်။

"ဒုက္ခသည်တွေပြန်တာတော့ မရှိသေးဘူး။ အခုလောလောဆယ်တော့ ဒုက္ခသည်တွေ ဒီမှာပဲရှိသေးတယ်ခင်ဗျ။ သူတို့ပြောတာက အခုမပြန်ရဲသေးဘူးတဲ့။ အခုလောလောဆယ် ဒီမှာပဲနေဦးမယ်၊ အခြေအနေကောင်း မှပြန်မယ်လို့ ပြောလာကြတယ်။ သူတို့ပြောနေတာက မပြန်သေးဘူးဆိုတာပဲ။ ပြန်သင့်တဲ့အချိန်ဟာ အေးအေးချမ်းချမ်းပေါ့နော် တစ်လကျော်လောက် စောင့်ပြီးမှပြန်မှာတဲ့။ ကျနော့်ကို အဲလိုပြောထားကြတယ်"

ချင်းမဝန်တောင်းကျေးရွာကနေ သလူချောင်းကျေးရွာကို ထွက်ပြေးရောက်ရှိနေတဲ့ ဦးရဲနိုင်ကတော့ တိုက်ပွဲတွေ နောက်ထပ်မဖြစ်ဘူးလို့ မပြောနိုင်တဲ့အတွက် လောလောဆယ် နေရပ်ပြန်မှာမဟုတ်ဘူးလို့ ပြောပါတယ်။

"ကျနော်တို့က ပြန်နိုင်တဲ့အဆင့်မရှိသေးပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ မြန်မာ့တပ်မတော်က ကျနော်တို့ရွာ အနောက်ဘက်ကမ်းမှာရှိနေတယ်။ အဲဒါနဲ့ သူတို့ဆုတ်သွားမှ ကျနော်တို့ကပြန်ရဲမှာ။ တိုက်ပွဲတွေဖြစ်နေ တာဆိုတော့ နောက်ဆက်ဖြစ်လာဦးမလားဆိုတာ စိုးရိမ်ရတယ်။ အခုသူတို့ရှိနေဦးမယ်ဆိုရင် ကျနော်တို့ မပြန်ရဲဘူး။ ဒါနဲ့ကျနော်ကတော့ နှစ်ဘက်စလုံးတပ်တွေကို ဆုတ်ပေးစေချင်တယ်လို့ ပြောချင်ပါတယ်"

တပ်မတော်က ယိုးချောင်းဖျားကျေးရွာတွေဘက်ကို သွားလာခွင့်နဲ့ စားနပ်ရိက္ခာ သယ်ယူခွင့်တွေကို ကန့်သတ်ထားပါတယ်။

ပြီးခဲ့တဲ့ရက်က ယိုးချောင်းအထက်ပိုင်းမှာရှိတဲ့ စစ်ဘေးဒုက္ခသည်တွေဆီကို စားနပ်ရိက္ခာကူညီဖို့ သွားရောက်တဲ့ အရပ်ဘက်အဖွဲ့တွေကို တပ်မတော်က တားမြစ်ခဲ့တာကြောင့် ပြန်လာခဲ့ကြရပါတယ်။

ကူညီကယ်ဆယ်ရေးအဖွဲ့တွေဟာ ဒီနေ့အထိ သလူချောင်း၊ ငစရိုင်းကိုင်း စတဲ့ ယိုးချောင်းအထက်ပိုင်း ကျေးရွာတွေဆီကို သွားရောက်ခွင့် မရကြသေးပါဘူး။

ဒီကိစ္စနဲ့ပတ်သက်ပြီး ကျောက်တော်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသီဟဇော်ကို မေးမြန်းရာမှာ ကူညီကယ်ဆယ်ရေး အဖွဲ့တွေအနေနဲ့ ဒုက္ခသည်တွေကို ပေးအပ်မယ့်ပစ္စည်း၊ သွားရောက်မယ့်ကျေးရွာရဲ့အုပ်ချုပ်ရေးမှူးက အမှန်တကယ် လိုအပ်ခြင်းရှိ မရှိ ထောက်ခံချက် စတဲ့အချက်အလက်တွေနဲ့ တင်ပြလာမယ်ဆိုရင်တော့ ခွင့်ပြုပေးမယ်ဆိုတဲ့ အကြောင်း တပ်မတော်က ပြောဆိုထားတယ်လို့ ပြောပါတယ်ခင်ဗျာ။

ဒီသတင်းကို RFA သတင်းထောက် ကိုမင်းသိန်းအောင် ပေးပို့တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။