ရှမ်းတောင်နဲ့ မြောက်အစပ်မှာ ဆုံဆို့နာရောဂါ ဖြစ်ပွား

မွေးကင်းစမှ အသက်(၁)နှစ်ခွဲအရွယ် ကလေးငယ်များကို ငါးမျိုးစပ်ကာကွယ်ဆေး (Pentavalent Vaccine) ထိုးနှံပေးနေသည့် မြင်ကွင်းတခု။
မွေးကင်းစမှ အသက်(၁)နှစ်ခွဲအရွယ် ကလေးငယ်များကို ငါးမျိုးစပ်ကာကွယ်ဆေး (Pentavalent Vaccine) ထိုးနှံပေးနေသည့် မြင်ကွင်းတခု။ (File Photo/ MOI Web Portal Myanmar)

ရှမ်းပြည်နယ် တောင်ပိုင်းနဲ့မြောက်ပိုင်းအစပ်က ကျေးရွာတချို့မှာ ဆုံဆို့နာ လို့ ယူဆရတဲ့ ရောဂါဖြစ်ပွားနေပြီး ကလေးတွေ သေဆုံးမှုတွေ ရှိနေတယ်လို့ သီပေါမြို့နယ် ဆေးရုံအုပ်ကြီး ဒေါက်တာနန္ဒဝင်းက RFA ကို ပြောပါတယ်။

ရပ်စောက်နဲ့ သီပေါကြား မိုင်းကိုင်မြို့နယ်က မန်မတ်ကျေးရွာမှာ ပြီးခဲ့တဲ့ရက်ပိုင်းလောက်က စတင်ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။

ပြီးခဲ့တဲ့နှစ်က သီပေါမြို့ပေါ် အပါအဝင်ကျေးရွာတွေမှာ ဒီရောဂါဖြစ်ပွားခဲ့ပြီး သေဆုံးခဲ့တာတွေရှိခဲ့တဲ့ အတွေ့ အကြုံအရ သီပေါဆေးရုံကို ရောက်ရှိလာတဲ့ ကလေးငယ်တွေမှာ ဆုံဆို့နာလို့ ယူဆရတဲ့ ရောဂါလက္ခဏာတွေ ဖြစ်နေတာကို သိရှိခဲ့တာဖြစ်တာကြောင့် ကြိုတင်ကာကွယ်မှုတွေ ထပ်မံလုပ်ဆောင်နိုင်အောင် ကျန်းမာရေးဌာန တာဝန်ရှိသူတွေကို တင်ပြထားတယ်လို့ ဒေါက်တာနန္ဒဝင်းက ပြောပါတယ်။

ဒီရက်ပိုင်းအတွင်း ဆေးရုံကို ရောက်ရှိလာတဲ့ ကလေးတစ်ဦး သေဆုံးခဲ့ပြီး နောက်ထပ်တစ်ဦးကိုတော့ ဒီနေ့မှာ မန္တလေးဆေးရုံကို ပြောင်းရွှေ့ဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုကံသာ ပေးပို့တာပါ။