ရေဖြူမှာ စစ်တပ်က ဖမ်းသွားတဲ့ ဒေသခံတစ်ဦး သေဆုံး

RFA Burmese
2024.04.26
ရေဖြူမှာ စစ်တပ်က ဖမ်းသွားတဲ့ ဒေသခံတစ်ဦး သေဆုံး စစ်တပ်ကဖမ်းဆီးပြီး စစ်ဆေးနေစဉ် သေဆုံးခဲ့သည့် ဦးဝင်းဘို။
Citizen Journalist

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ဖောင်းတောရွာက သားအဖနှစ်ယောက်ကို စစ်ကောင်စီတပ်က ဖမ်းသွားပြီးတဲ့နောက် အဖေဖြစ်သူ ဦးဝင်းဘိုရဲ့ ရုပ်အလောင်းကိုလာယူဖို့ အကြောင်းကြားလာတယ်လို့ မိသားစုနဲ့ နီးစပ်သူတွေက RFA ကို ပြောပါတယ်။

အသက် ၅၀ အရွယ် ဦးဝင်းဘိုဟာ ဧပြီ ၁၈ ရက်နေ့က အဖမ်းခံရပြီး မောရဝတီ ရေတပ်ဌာနချုပ်မှာ စစ်ဆေးခံခဲ့ရတာပါ။ အဲဒီကာလမှာ ဦးနှောက်သွေးကြော ပြတ်ကာ သေဆုံးသွားတယ်ဆိုပြီး ဧပြီ ၂၄ ရက်နေ့မှာ စစ်ကောင်စီတပ်က အကြောင်းကြားလာတာလို့ မိသားစုနဲ့ နီးစပ်သူတစ်ယောက်က ပြောပါတယ်။

“အခုက တိုင်တာနဲ့ ဖမ်းတာပဲ။ သူတို့က အေးအေးဆေးဆေးသမားတွေပါ။ ဦးသွေးကြောပြတ်တယ်ဆိုပြီး အကြောင်းကြားလာတာ။ အပြင်မှာ ဘိုင်းကနဲ လဲပြီးသေတာဆို ဦးနှောက်သွေးကြော ပြတ်တာလို့ လက်ခံလို့ ရသေးတယ်”

ဦးဝင်းဘိုရဲ့ ရုပ်အလောင်းမှာ ဒဏ်ရာကြီးကြီးမားမားမရှိဘဲ လက်ကောက်ဝတ်မှာ လက်ထိတ်ဒဏ်ရာ တစ်ခုပဲရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အသက် ၂၀ ဝန်းကျင်အရွယ် သားဖြစ်သူကိုတော့ ဧပြီ ၂၅ ရက်နေ့မှာ ပြန်လွှတ်ပေးလိုက်တယ်လို့ ဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ တနင်္သာရီတိုင်းပြောခွင့်ရ လူမှုရေးဝန်ကြီး ဦးသက်နိုင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းပေမယ့် ဖုန်းလက်ခံဖြေဆိုတာ မရှိပါဘူး။

အာဏာသိမ်း သုံးနှစ်ကျော်ကာလအတွင်း စစ်ကြောရေးတွေ၊ ထောင်တွေ၊ စစ်တန်းလျားတွေနဲ့ ပြင်ပနေရာတွေမှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့အချိန် သတ်ဖြတ်ခံရတဲ့သူ အနည်းဆုံး ၁၇၀၀ နီးပါး (၁၆၉၉ ဦး) ရှိတယ်လို့ နိုင်ငံရေး အကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဧပြီ ၁ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။