ကျောက်ကြီးနဲ့ လောင်းလုံးမှာ ဝမ်းရောဂါဖြစ်နေပြီး ဆေးဝါးမလုံလောက်မှုနဲ့ ကြုံနေရ

RFA Burmese
2024.07.15
ကျောက်ကြီးနဲ့ လောင်းလုံးမှာ ဝမ်းရောဂါဖြစ်နေပြီး ဆေးဝါးမလုံလောက်မှုနဲ့ ကြုံနေရ ကျောက်ကြီးမြို့နယ်ရှိ ကျေးရွာများမှ နေရပ်စွန့်ခွာ တိမ်းရှောင်နေရသည့် စစ်ဘေးဒုက္ခသည်များအား ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၂၈ ရက်နေ့က တွေ့ရစဉ်။
KNU

တိုက်ပွဲတွေရှိနေတဲ့ ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်နဲ့ တနင်္သာရီတိုင်း လောင်းလုံးမြို့နယ်မှာ ဝမ်းရောဂါဖြစ်ပွားမှုတွေ ရှိနေပြီး ဆေးဝါးမလုံလောက်မှုနဲ့ ကြုံနေရတယ်လို့ ဒေသခံတွေက ဇူလိုင်လ ၁၅ ရက် ဒီနေ့မှာ ပြောပါတယ်။

ကျောက်ကြီးမြို့နယ်ထဲမှာတော့ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးတာ၊ ရပ်ရွာတွေထဲ လက်နက်ကြီး၊ ဒရုန်းတို့နဲ့ ပစ်ခတ်တာတွေကြောင့် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရတာရှိပြီး မသန့်ရှင်းတဲ့ပတ်ဝန်းကျင်ကြောင့် ဝမ်းရောဂါဖြစ်ပွားမှုနဲ့ ကြုံနေရတာလို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။

စစ်ဘေးတိမ်းရှောင်နေရသူတွေဟာ ဆေးဝါးမလုံလောက်မှုနဲ့ ကြုံနေရပြီး နေရာထိုင်ခင်းအတွက် အမိုးအကာတွေလည်း လိုအပ်နေတယ်လို့ ဆိုပါတယ်။

တနင်္သာရီတိုင်း လောင်းလုံးမြို့နယ်ထဲက ရွာတချို့မှာလည်း ဝမ်းရောဖြစ်ပွားမှုတွေ ရှိနေပြီး မကြာခဏ စစ်ကြောင်းထိုးမှုတွေ ရှိနေတာကြောင့် မြို့ပေါ်တက်ဆေးမကုနိုင်ဘဲ CDM ကျန်းမာရေးဝန်ထမ်းတွေနဲ့ ကုသနေရတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“ဝမ်း လုံး၀မရပ်ဘဲ သွေးပေါင်တွေကျ ရေဓာတ်ခမ်းပြီး ခေါင်းမူး၊ ခေါင်းကိုက်ဖြစ်တယ်။ ပြီးခဲ့တဲ့ လေးရက်လောက်က ဖြစ်တာ။ ကျွန်မတို့ဘက်မှာ ဆေးရုံ၊ ဆေးခန်းသွားလို့ ရတဲ့အခြေအနေမရှိတော့ ကျေးရွာမှာရှိတဲ့ CDM ဆရာမတွေခေါ်ပြီး ဆေးထိုး ဆေးချိတ် လုပ်လိုက်ရတယ်”

ဒီဒေသတွေအပြင် တိုက်ပွဲတွေရှိနေတဲ့ ချင်းပြည်နယ် မင်းတပ်၊ ပလက်ဝနဲ့ တွန်းဇံမြို့နယ်တွေမှာတော့ ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် ပြီးခဲ့တဲ့ ဇွန်လတစ်လအတွင်း သေဆုံးသူ ၁၈ ဦးရှိခဲ့တယ်လို့ ဒေသခံတွေနဲ့ အကူအညီပေးနေသူတွေက ပြောပါတယ်။

တိုက်ပွဲဖြစ်ရာ ဒေသတွေက ဝမ်းရောဂါဖြစ်ပွားမှုတွေနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က တစ်စုံတစ်ရာ ထုတ်ပြန်ပြောဆိုလာတာ မရှိသေးပါဘူး။

ရန်ကုန်မြို့က ဝမ်းရောဂါကူးစက်မှုတွေနဲ့ ပတ်သက်လို့တော့ ကာကွယ်ထိန်းချုပ်ရေးလုပ်ဆောင်နေကြောင်း စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနက နေ့စဉ်ထုတ်ပြန်နေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။