မန္တလေးနဲ့ လပွတ္တာမှာ ဝမ်းရောဂါ ကူးစက်ပြန့်ပွားနေပြီး လူသေဆုံးမှုရှိနေ

မန္တလေးမြို့နဲ့ ဧရာ၀တီတိုင်း လပွတ္တာမြို့နယ်တို့မှာ ဝမ်းရောဂါ ကူးစက်ပြန့်ပွားနေပြီး လူသေဆုံးတာအထိ ရှိနေတယ်လို့ ဒေသခံတွေနဲ့ လူမှုကူညီရေးအသင်းတွေကို ဒီဇင်ဘာလ ၁၈ ရက်နေ့မှာ ပြောပါတယ်။

ဧရာဝတီတိုင်း၊ လပွတ္တာမြို့နယ်၊ ဘိုကုန်းကျေးရွာမှ ဝမ်းပျက်ဝမ်းလျှော ဖြစ်ပွားသူတစ်ဦးအား ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် ဆေးရုံသို့ပို့ဆောင်ရန် ခေါ်ဆောင်လာသည်ကို တွေ့ရစဥ်။ Facebook/ ကရုဏာမျက်ဝန်း

မန္တလေးမြို့နဲ့ ဧရာ၀တီတိုင်း လပွတ္တာမြို့နယ်တို့မှာ ဝမ်းရောဂါ ကူးစက်ပြန့်ပွားနေပြီး လူသေဆုံးတာအထိ ရှိနေတယ်လို့ ဒေသခံတွေနဲ့ လူမှုကူညီရေးအသင်းတွေကို ဒီဇင်ဘာလ ၁၈ ရက်နေ့မှာ ပြောပါတယ်။

လပွတ္တာမြို့နယ်မှာ အောက်တိုဘာလကတည်း စတင်ကူးစက်မှုတွေ ရှိခဲ့ပြီး ဒီဇင်ဘာလထဲမှာ ဝမ်းရောဂါကူးစက်ခံရသူ ပိုများလာတယ်လို့ ဆိုပါတယ်။

ကုက္ကို၊ ကညှင်ကွင်းနဲ့ အမတ်ကြီး ကျေးရွာအုပ်စုတွေမှာ ဝမ်းရောဂါကူစက်မှု အဖြစ်များနေပြီး သေဆုံးတာတွေလည်း ရှိနေတယ်လို့ လပွတ္တာအခြေစိုက် ကရုဏာမျက်ဝန်း လူမှုကူညီရေးအသင်း တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

"ကျွန်တော်တို့အသင်းက ကူညီပို့ဆောင်ပေးတာကိုက သုံးဆယ်လောက် ရှိနေပြီ။ တခြား အသင်းအဖွဲ့တွေမှာလည်း ရှိသေးတယ်။ ဒီမှာ အသင်းအဖွဲ့ လေးခုရှိတယ်။ သူတို့လည်း တောက်လျှောက် ဆွဲနေရတာ။ ဖျားနာဆောင်မှာ သွားကြည့်တာတော့ သူတို့တွေချည်းပဲ။ စဖြစ်ကတည်းကဆိုရင် ရှစ်ဆယ် လောက်တော့ ရှိပြီ။ သေဆုံးဦးရေက အတိအကျမသိဘူးဆိုပေမဲ့ လေး၊ ငါးဦးလောက်ရှိပြီ။ ဖြစ်တဲ့သူတွေ ပြောတာကို သုံးသပ်ကြည့်တာတော့ အစားအသောက်ကြောင့် မဟုတ်ဘဲ အိမ်သာကြောင့်လို့ ထင်တာပေါ့။ လပွတ္တာမှာတော့ ကျေးရွာအုပ်စု သုံးခုက အဖြစ်များနေတယ်"

လပွတ္တာအပြင် ဧရာ၀တီတိုင်းက တခြားမြို့နယ်တွေမှာလည်း ဝမ်းရောဂါကူးစက်မှုတွေ ရှိနေပြီး အခြေအနေ အသေးစိတ်ကို မသိရသေးဘူးလို့ သူက ပြောပါတယ်။

မန္တလေးမြို့က ဆင်ဖြေဖုံးရပ်ကွက် တချို့မှာတော့ နိုဝင်ဘာလတုန်းက ဝမ်းရောဂါကူးစက်မှု အဆိုးရွားဆုံးကြုံခဲ့ရပြီး သေဆုံးမှုတချို့ရှိခဲ့တယ်လို့ မန္တလေးမြို့ခံတွေနဲ့ လူမှုကူညီရေးအသင်းတချို့က ပြောပါတယ်။

ဒီဇင်ဘာလထဲမှာ ဖြစ်ပွားမှုနှုန်း လျော့ကျလာပေမဲ့ ကူးစက်တွေ ဆက်ရှိနေတုန်းပဲလို့ မန္တလေးမြို့ ပုဂ္ဂလိဆေးရုံတစ်ခုက လုံခြုံအရေးအရ အမည်မဖော်လိုတဲ့ ကျန်းမာရေးဝန်ထမ်းတစ်ဦးက RFA ကို ပြောပါတယ်။

"လွန်ခဲ့တဲ့ တစ်လလောက်က ဒီမှာ တော်တော်ကိုဖြစ်တာ။ အဲဒီတုန်းက စျေးရုံမှာဆို ဝမ်းပျက်ဝမ်းလျှောတွေချည်းပဲ။ လူနာ အယောက် ၂၀ မှာဆိုရင် ဝမ်းပျက်ဝမ်းလျှောက ၁၅ ယောက်လောက် ရှိတယ်။ အခုက ရှိတော့ ရှိသေးတယ်၊ လျော့သွားတာပေါ့။ လေး၊ ငါးယောက်လောက်ပဲ ရှိတာ။ ဝမ်းလျှောပြီဆိုလို့ရင် ဆေးရုံကို အမြန်သွားနိုင်တာ အကောင်းဆုံးပေါ့"

ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ မန္တလေးတိုင်းနဲ့ ဧရာ၀တီတိုင်းပြောခွင့်ရသူတွေထံ RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

စစ်ကောင်စီကတော့ မန္တလေးတိုင်းက မြို့နယ် ၁၁ မြို့နယ်မှာ ပြင်းထန်ဝမ်းပျက်ဝမ်းလျှော ရောဂါကာကွယ်ဆေး တိုက်ကျွေးတာနဲ့ ဝမ်းပျက်ဝမ်းလျှောကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းတွေကို ဆောင်ရွက်နေတယ်လို့ နိုဝင်ဘာလထဲမှာ ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လအတွင်းကတော့ ရန်ကုန်မြို့မှာ ဝမ်းရောဝါကြောင့် ဆေးရုံတက်ကုသရသူ ခြောက်ရာထက်မနည်းရှိခဲ့ပြီး ဆေးကုသနေရင်း သေဆုံးတာတွေလည်းရှိခဲ့တယ်လို့ ရန်ကုန်အခြေစိုက် လူမူကူညီရေးအသင်းတွေက ပြောကြပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org