ကားနဲ့တိုက်ဖမ်းဆီးခံရတဲ့ အမျိုးသမီးသတင်းထောက် ပုဒ်မတစ်ခုထပ်တိုးတရားစွဲခံရ

2022.09.30
ကားနဲ့တိုက်ဖမ်းဆီးခံရတဲ့ အမျိုးသမီးသတင်းထောက် ပုဒ်မတစ်ခုထပ်တိုးတရားစွဲခံရ ကားတိုက်ဖြိုခွင်းဖမ်းဆီးခံရတဲ့ MPA သတင်းထောက် မမှူးရတနာခက်မို့မို့ထွန်း
File Photo : Citizen Journalist

MPA သတင်းဌာနရဲ့ ရုပ်သံသတင်းထောက် မမှူးရတနာခက်မို့မို့ထွန်းကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(ည)နဲ့ စစ်ကောင်စီက ထပ်မံတရားစွဲဆိုလိုက်တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေဆီကနေ စုံစမ်းသိရပါတယ်။


ပြီးခဲ့တဲ့ ၂ဝ၂၁ ခုနှစ် ဒီဇင်ဘာလက ရန်ကုန်တိုင်း အလုံမြို့နယ် ပန်းပင်ကြီး လမ်းမပေါ်မှာ ဆန္ဒပြနေတဲ့ ပြည်သူတွေကို စစ်ကောင်စီက ကားနဲ့တိုက်ဖမ်းချိန်မှာ သတင်းယူနေတဲ့ မမှူးရတနာခက်မို့မို့ထွန်းလည်း ကားနဲ့တိုက် အဖမ်းခံရတာဖြစ်ပါတယ်။


အဲ့ဒီနောက်သူ့ကို ရာဇသတ်ကြီး ဥပဒေပုဒ်မ - ၅၀၅(က) နဲ့ စစ်ကောင်စီက ဖမ်းဆီးစစ်ဆေးခဲ့တာဖြစ်ပြီး ကိုးလကျော်အကြာမှာ ပုဒ်မ ၅၀(ည)နဲ့ပါ ထပ်တိုးတရားစွဲတာလို့ ဆိုပါတယ်။


ကားတိုက်ခံဖမ်းဆီးခဲ့ရချိန် မမှူးရတနာခက်မို့မို့ထွန်းရခဲ့တဲ့ ဒဏ်ရာတွေကြောင့် တရားရုံး လှေကားထစ်တွေကို တက်ဖို့ခက်ခဲနေတာမို့ အင်းစိန်ထောင်တွင်း အထူးတရားရုံးမှာ စစ်ဆေးပေးဖို့ တောင်းဆိုထားတယ်လို့လည်း တရားရုံးနဲ့ နီးစပ်သူက ပြောပါတယ်။


စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံဟာ သတင်းသမားတွေကို ဖမ်းဆီးခံရမှု ကမ္ဘာမှာ ဒုတိယအများဆုံးနိုင်ငံဖြစ်နေပြီး အာဏာသိမ်း ၁၉ လကျော် အတွင်း သတင်းသမား ၁၃၅ ဦး အဖမ်းခံခဲ့ရပြီး အယောက် ၇၀ ပြန်လွတ်လာခဲ့ပါတယ်။


၆၅ ဦးကတော့ အခုချိန်ထိ အကျဉ်းထောင်အသီးသီးမှာ ဖမ်းဆီးခံထားရဆဲ ဖြစ်ပါတယ်။ အဲဒီအထဲကမှ သတင်းသမား ၂၉ ဦးဟာ အနည်းဆုံး ထောင်ဒဏ် တစ်နှစ်ခွဲကနေ အများဆုံး ထောင်ဒဏ် ၁၁ နှစ်ထိ ချမှတ်ခံထားရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။