လွတ်လပ်မှုရဖို့ ညီညွှတ်ဖို့ လိုအပ်ကြောင်း ဒက်စ်မွန်တူးတူး ပြောကြား

မြန်မာနိုင်ငံကို အလည်အပတ် ရောက်ရှိနေတဲ့ နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် တောင်အာဖရိက ဘုန်းတော်ကြီး Desmond Tutu ဒက်စမွန်တူးတူးက မြန်မာနိုင်ငံသားတွေအားလုံး လွတ်လပ်မှုကိုရရှိဖို့ဆိုရင် စုစည်းညီညွတ်ဖို့ လိုအပ်ကြောင်း ဖေဖော်ဝါရီလ ၂၇ ရက် ဒီကနေ့မှာ တိုက်တွန်းပြောကြားလိုက်ပါတယ်။

ရန်ကုန်မြို့ အမေရိကန်စင်တာမှာကျင်းပတဲ့ နိုင်ငံရေးပါတီတွေ၊ လူမှုအဖွဲ့အစည်းက ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံပွဲမှာ ဘုန်းတော်ကြီး ဒက်စမွန်တူးတူးက ပြောခဲ့တာပါ။

တောင်အာဖရိကနိုင်ငံရဲ့ အတွေ့အကြုံအနေနဲ့ ပြောရမယ်ဆိုရင် လူဖြူ၊ လူမည်းအားလုံး ညီညွှတ်မှ အတူတကွရှိမှပဲ စစ်မှန်တဲ့လွတ်လပ်မှုကို ရရှိခဲ့တာဖြစ်တဲ့အတွက် ညီညွတ်မှုဟာ အရေးကြီးတယ်လို့ ဘုန်းတော်ကြီး ဒက်စမွန်တူးတူးက ပြောကြားခဲ့တာပါ။

ဒါ့အပြင် မြန်မာနိုင်ငံရဲ့ အသွင်ကူးပြောင်းမှုတွေ ခိုင်မြဲဖို့အတွက်ဆိုရင် နားလည်မှု၊ သည်းခံခွင့်လွှတ်မှုတွေရှိဖို့ လိုအပ်တယ်လို့လည်း ဘုန်းတော်ကြီး ဒက်စမွန်တူးတူးက ထောက်ပြခဲ့ပါတယ်။

ဘုန်းတော်ကြီး ဒက်စမွန်တူးတူးဟာ မနေ့က နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ နိုင်ငံရေး အကျဉ်းသားဟောင်းတွေနဲ့ တွေ့ဆုံခဲ့ပြီး မကြာခင် ရက်ပိုင်းမှာလည်း ကိုမင်းကိုနိုင် ခေါင်းဆောင်တဲ့ ၈၈မျိုးဆက် ကျောင်းသား ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဖို့ရှိတယ်လို့ သိရပါတယ်။

ဘုန်းတော်ကြီး ဒက်စမွန်တူးတူး၊ တိဗက်ဘုန်းတော်ကြီး ဒလိုင်းလားမားအပါအဝင် နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင် အတော်များများဟာ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်ဘဝနဲ့ ရှိခဲ့စဉ်က ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ရေးအတွက် အမြဲလိုတောင်းဆိုခဲ့ကြသူတွေ ဖြစ်ပါတယ်။