ဒီကိစ္စနဲ့ ပတ်သက်ပြီး မိသားစုအပါအဝင် ကျေးရွာခံတွေလည်း မကျေနပ်ကြဘူးလို့ သိရပါတယ်။
ကိုချစ်စမ်းမောင် တပ်က ထွက်ပြေးပြီး ပုန်းအောင်းနေစဉ် သူ့ဇာတိရွာကို စစ်တပ်ကလာ စစ်ဆေးစဉ် ကျောင်းကုန်းမြို့အပိုင် ပေါက်ဆိန်ဘက်ဘုန်းကြီးကျောင်းမှာ မိခဲ့တာပါ။ ကိုချစ်စမ်းမောင်နဲ့ ဆွေးမျိုး တော်စပ်သူတဦးက ခုလိုပြောပါတယ်။
“ဒီကလေးက အသက် ၂၅ နှစ်။ အဲ သူ ဖမ်းလာတဲ့အချိန်မှာ ကျန်းမာရေးလည်း ကောင်းတယ်။ အဲဒါ တပ်ထဲကို ၂၉ ရက်နေ့ အဖမ်းခံရပြီးတော့ ၂ ရက်နေ့ ၉ လပိုင်း ၂၀၁၀ မှာ မနက် ၇ နာရီခွဲမှာ သေဆုံးတယ် ဆိုပြီးတော့ တပ်ရင်းက ဟို စာနဲ့ပေါ့၊ ကျေးရွာ ဥက္ကဋ္ဌကို အကြောင်းကြားတာ။”
အကြောင်းကြားစာရရှိတဲ့ ကျေးရွာဥက္ကဋ္ဌ ကိုယ်တိုင် ဒီကိစ္စကို ကျေနပ်ခြင်း မရှိဘူးလို့ ဆိုပါတယ်။
“မကျေနပ်ကြဘူး၊ အခုလို ဆုံးသွားတာကို၊ ဘာဖြစ်လို့လဲဆိုတော့ ကျေးရွာဥက္ကဋ္ဌ ကိုယ်တိုင် ဟို စိတ်မကောင်း ဖြစ်နေတာ။ ဘာဖြစ်လို့လဲဆိုတော့ အေးအေးဆေးဆေးနဲ့ ပြီးသွားမယ် ဆိုပြီးတော့ ဟို လက်ထောက်ချလိုက်တာပေါ့။ ဖမ်းလို့ရပါတယ် ဆိုပြီးတော့ လက်ထောက်ချလိုက်တော့ အဲဒီက တပ်က ဗိုလ်ကြီးက သွားဖမ်းတာ။ အခု ဒီလိုလည်း ဆုံးသွားရော အဲလို ဖမ်းပေးတာ မှားသွားတယ် ဆိုပြီးတော့ စိတ်မကောင်း ဖြစ်ကြတာ။”
တပ်က ကျေးရွာဥက္ကဋ္ဌထံ ပေးပို့တဲ့ စာမှာ သေဆုံးတာနဲ့ ပတ်သက်ပြီး ယားနာကတဆင့် ကူးစက်ရောဂါ ကူးလို့ သေဆုံးတာ ဖြစ်တယ်လို့ ဆိုပါတယ်။
သေဆုံးသူ တပ်သား ချစ်စမ်းမောင်ဟာ ခလရ ၃၆ က ကိုယ်ပိုင်အမှတ် တ၂၅၉၆၇၆ ဖြစ်ပြီး ကျုံပျော်အပိုင် မိချောင်းအိုင်ရွာကပါ။ အဖ ဦးစံလေးနဲ့ မိခင်က ဒေါ်မြင့်မြင့် ဖြစ်ကြပါတယ်။
ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး RFA ဝိုင်းတော်သား ဦးတင်အောင်ခိုင် ဆက်သွယ် မေးမြန်း တင်ပြ ထားပါတယ်။