အမေရိကန်နိုင်ငံခြားရေးအတိုင်ပင်ခံနဲ့ စစ်ရေး၊ နိုင်ငံရေးဆွေးနွေးခဲ့ကြောင်း KNPP ပြော

အမေရိကန် နိုင်ငံခြားရေး အတိုင်ပင်ခံ ဒဲရစ်ချောလက် (Derek Chollet) နဲ့ မတ်လ ၂၈ ရက်ကတွေ့ဆုံချိန်မှာ စစ်ရေးနဲ့ နိုင်ငံရေး အခြေအနေတွေကို ဆွေးနွေးခဲ့ပါတယ်။

၂၀၂၃ ခုနှစ် မတ်လ ၂၂ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတစ်ခုတွင် တွေ့ရသည့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အတိုင်ပင်ခံပုဂ္ဂိုလ် ဒဲရစ်ချောလက်။ AFP

အမေရိကန် နိုင်ငံခြားရေး အတိုင်ပင်ခံ ဒဲရစ်ချောလက် (Derek Chollet) နဲ့ မတ်လ ၂၈ ရက်ကတွေ့ဆုံချိန်မှာ စစ်ရေးနဲ့ နိုင်ငံရေး အခြေအနေတွေကို ဆွေးနွေးခဲ့တယ်လို့ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ (KNPP) အတွင်းရေးမှူး (၁) ဦးအောင်ဆန်းမြင့်က RFA ကို ပြောပါတယ်။

ဒီတွေ့ဆုံပွဲမှာ KNPP အပြင် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU) တို့ ပါဝင်တယ်လို့ ဆိုပါတယ်။

“ကျွန်တော်တို့ လက်ရှိအခြေအနေကို အပ်ဒိတ်ပေးတယ်၊ ရှေ့ဆက် ပူးပေါင်းဆောင်ရွက်ဖို့ဆွေးနွေးတယ်၊ (နိုင်ငံရေး၊ စစ်ရေး၊ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီ) ဒီအခြေအနေတွေကိုပဲ ပြောခဲ့တာပါ”

တွေ့ဆုံဆွေးနွေးခဲ့တဲ့နေရာနဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ သူက ထုတ်မပြောပါဘူး။

KIA သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကတော့ ဒီတွေ့ဆုံမှုနဲ့ပတ်သက်လို့ KIA ဗဟိုက ညွှန်ကြားထားတာမရှိလို့ ပြောဆိုဖို့မရှိဘူးလို့ RFA ကို ပြောပါတယ်။ အလားတူ KNU တာဝန်ရှိသူတွေကို ဆက်သွယ်ထားပေမယ့် အကြောင်းပြန်ကြားတာ မရှိသေးပါဘူး။

အမေရိကန် နိုင်ငံခြားရေး အတိုင်ပင်ခံ ဒဲရစ်ချောလက်လည်း K3C လို့ ခေါ်တဲ့ တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်အဖွဲ့သုံးဖွဲ့ ရဲ့ ခေါင်းဆောင်တွေနဲ့တွေ့ဆုံပြီး နိုင်ငံတကာ အသိုက်အဝန်းအနေနဲ့ အကူအညီ လိုအပ်နေသူတွေကို အကူအညီတွေ ပေးအပ်မှုတိုးမြှင့်နိုင်ဖို့၊ မြန်မာပြည်သူတွေအတွက် ပိုကောင်းတဲ့အနာဂတ်ဖြစ်လာအောင် လုပ်နိုင်မယ့်ခြေလှမ်းတွေကို ဆွေးနွေးခဲ့ကြတယ်လို့ Twitter လို့ခေါ်တဲ့ X လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားပါတယ်။

K3C မဟာမိတ်အဖွဲ့မှာ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)၊ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ (KNPP) နဲ့ ချင်းအမျိုးသားတပ်ဦး (CNF) တို့ ပါဝင်ပါတယ်။

ဒီတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ စစ်ကောင်စီအကြား ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ကယားပြည်နယ်၊ ချင်းပြည်နယ်နဲ့ ပဲခူးတိုင်းတွေအတွင်း တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။

K3C မဟာမိတ်အဖွဲ့တွေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့ဟာ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု တည်ဆောင်ရေးအတွက် ဘုံသဘောတူညီချက်တွေကို ပြီးခဲ့တဲ့ ဇန်နဝါရီလ ၃၁ ရက်က ထုတ်ပြန်ခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org