အမေရိကန်သံအမတ်ကြီး နဲ့ အတိုက်အခံတွေ တွေ့ဆုံဆွေးနွေး

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Derek Mitchell ဒဲရစ်မစ်ချယ်ဟာ ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေးတုန်းက ဦးဆောင်သံဃာတစ်ပါးဖြစ်တဲ့ ဦးဂမ္ဘီရ အခုတော့ လူဝတ်လဲလိုက်ပြီဖြစ်တဲ့ ဦးညီညီလွင် နဲ့ အဖွဲ့ကို ဒီကနေ့ မနက်ပိုင်းက ရန်ကုန်မြို့ ပြည်လမ်းမှာရှိတဲ့ အမေရိကန်သံအမတ်ကြီးရဲ့ နေအိမ်မှာ တစ်နာရီကျော်ကြာ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

ဦး ညီညီလွင် ခေါ် ဦးဂန္ဘီရ ဦးညီညီလွင် ဖေ့စ်ဘွတ် စာမျက်နှာ

မြန်မာနိုင်ငံအပေါ် အမေရိကန်အစိုးရက ချမှတ်ထားတဲ့ စီးပွားရေးပိတ်ဆို့မှု ရုပ်သိမ်းသင့်မသင့် ၊ လျှော့ချသင့်မသင့် အပါအဝင် လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်တွေ ဆွေးနွေးခဲ့တယ်လို့ ဦးညီညီလွင်က RFA ကို ပြောပါတယ်။

"အမေရိကန်နိုင်ငံက စီးပွားရေးပိတ်ဆို့မှုကို ဖယ်ရှားပေးသင့်ပြီလား၊ ဒါမှမဟုတ်ရင် လျှော့ချပေးသင့်သလားပေါ့၊ ဒီဟာအတွက် ပြည်တွင်းမှာ တက်ကြွလှုပ်ရှားသူ၊ ဦးဆောင်သူတွေကို ခေါ်ပြီးတော့ တွေ့ပြီးတော့ သဘောထားတွေ ရယူတာပဲ။ လုံးဝ ဖယ်ရှားဖို့ဆိုတာတော့ ကျုပ်တို့အနေနဲ့ မဖြစ်သင့်ဘူးပေါ့၊ လျှော့ချတာတော့ ကျုပ်တို့အနေနဲ့ ဘာမှမပြောလိုပါဘူးဆိုတာတွေ ပြောဖြစ်တယ်၊ နောက် မျက်မှောက်နိုင်ငံရေး အခင်းအကျင်းနဲ့ပတ်သက်ပြီး တိုင်းရင်းသားနယ်မြေတွေမှာ ဖြစ်နေတဲ့ ပြဿနာတွေ၊ နောက် ကချင်နဲ့ ရခိုင်ပေါ့ဗျာ၊ ဘာသာရေး ပဋိပက္ခတွေ၊ လူမျိုးရေး ပဋိပက္ခတွေ၊ လူ့အခွင့်အရေး ချိုးဖောက်ခံရတာတွေ၊ ဒီမိုကရေစီရေး ပျက်ကွက်ခံနေရတာတွေကို အမြန်ဆုံး ဖြေရှင်းနိုင်ဖို့၊ မြန်မာ့မြေပေါ်မှာ ဒီမိုကရေစီရေးတွေ လူ့အခွင့်အရေးတွေ ပြည့်ဝဖို့၊ ဘယ်လိုလုပ်မလဲဆိုတာတွေ ရှေ့ဆက်သွားဖို့ မျက်မှောက် အခင်းအကျင်းနဲ့ညှိပြီး ဆွေးနွေးသွားတာ ဒါလေးတွေ ရှိပါတယ်။"

ဒီကနေ့ တွေ့ဆုံရာမှာ  ဦးညီညီလွင်နဲ့အတူ ဆရာတော် ဦးသောပါက၊ အလုပ်သမားအခွင့်အရေး လှုပ်ရှားသူများ (Action Labor Rights) အဖွဲ့က ကိုသူရိန်အောင်၊ ကိုညီညီဇော်၊ ကိုနော်အောင်တို့ ငါးဦးပါဝင်တယ်လို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org