ရေးမြို့မရဲစခန်းမှူး ဒုရဲမှူးနဲ့ တပ်ကြပ်ကြီး ပစ်သတ်ခံရ
မွန်ပြည်နယ်၊ ရေးမြို့မရဲစခန်းမှာ တာဝန်ကျနေတဲ့ စခန်းမှူးဒုရဲမှူး လှဌေးနဲ့ ရဲတပ်ကြပ်ကြီး ဘဟိန်းတို့ နှစ်ဦးဟာ ရေးမြို့နယ် တူးမြောင်းအုပ်စု၊ ကျုံးလောင်းရွာသစ်အနီးမှာ နိုဝင်ဘာလ ၂၃ ရက် ဒီနေ့မနက်ပိုင်း သေနတ်နဲ့ ပစ်သတ်ခံလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီစခန်းမှူးနဲ့ ရဲတပ်ကြပ်ကြီးတို့ စီးလာတဲ့ ပါဂျဲဒိုးနီညိုရောင်ကား အပစ်ခံခဲ့ရပြီး ယာဉ်ပါမီးရှို့ခံရတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရေးမြို့ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“ပစ်ခတ်မှုတွေဖြစ်ပြီးတော့ ကားမီးရှို့သွားတယ်။ မကြာဘူးဖြစ်သွားတဲ့နေရာကို မြို့နယ်ရဲမှူးရော၊ စစ်ကောင် စီတပ်ဖွဲ့တွေရော ရောက်လာပြီး စစ်ဆေးနေကြတယ်”
စစ်ကောင်စီရဲ့ မွန်ပြည်နယ်ပြောခွင့်ရသူ သယံဇာတရေးရာဝန်ကြီး ဦးအောင်ကြည်သိန်းက ရေးမြို့မရဲစခန်းမှူးနဲ့ ရဲတပ်ကြပ်ကြီးသေဆုံးခဲ့တာ မှန်တယ်လို့ RFA ကို ဒီကနေ့ မနက်ပိုင်း အတည်ပြု ဖြေဆိုပါတယ်။
မွန်ပြည်နယ်အခြေစိုက် လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တစ်ခုဖြစ်တဲ့ ရေးဘီလူးအဖွဲ့ ခေါင်းဆောင်ကလည်း ရေးမြို့၊ အမှတ်(၁၉) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်နဲ့ မီတာ ၂၀ အကွာ အာရှလမ်းမပေါ်မှာ စခန်းမှူးလိုက်ပါလာတဲ့ ကားကို ပစ်ခတ်ခဲ့တာလို့ RFA ကို ပြောပါတယ်။
အဲဒီပစ်ခတ်မှုကနေ M16 သေနတ်တစ်လက်ပါ ရရှိခဲ့တယ်လို့လည်း သူက ဆက်ပြော ပါတယ်။
စစ်တပ်ကအာဏာသိမ်းပြီးနောက် မွန်ပြည်နယ်အခြေစိုက် လက်နက်ကိုင် တော်လှန်ရေး အဖွဲ့တစ်ခုဖြစ်တဲ့ ရေးဘီလူးအဖွဲ့ဟာ စစ်ကောင်စီတပ်သား၊ ရဲနဲ့ သတင်းပေးဆိုသူ ၅၀ ဦးထက်မနည်း ရှင်းလင်းခဲ့ပြီးဖြစ်တယ်လို့ ရေးဘီးလူးအဖွဲ့ခေါင်းဆောင်က ပြောပါတယ်။