ဒုတိယဝန်ကြီး နှစ်ဦး ရာထူးမှ နုတ်ထွက်

စီးပွားရေးအရ အရေးပါတဲ့ ဝန်ကြီးဌာနနှစ်ခုက ဒုတိယဝန်ကြီး နှစ်ဦးကို ရာထူးမှ နုတ်ထွက်ခွင့်ပြုကြောင်း ထုတ်ပြန်ချက် တစ်ရပ် နိုင်ငံပိုင်သတင်းစာတွေမှာ မနေ့က ဖော်ပြပါရှိခဲ့ပါတယ်။

2012.06.06
deputy-minister-resign-b305 ၂၀၁၂ ခုနှစ် ဇွန်လ ၆ ရက် မြန်မာ့အလင်း သတင်းစာမှ ဖော်ပြချက်ဖြစ်ပါသည်။
မြန်မာ့အလင်း

ဆက်သွယ်ရေး၊ စာတိုက်နဲ့ ကြေးနန်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင့်လွင်နဲ့ စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်တို့ကို မိမိတို့ သဘောဆန္ဒအလျောက် ရာထူးမှ နုတ်ထွက်ခွင့်ပြုလိုက်ကြောင်း သမ္မတ ဦးသိန်းစိန် အနေနဲ့ ထုတ်ပြန်ကြေညာခဲ့တာပါ။

မြန်မာနိုင်ငံမှာ ဝန်ကြီး သို့မဟုတ် အဆင့်မြင့်အရာရှိကြီးတစ်ဦး ရာထူးက ဖြုတ်ပယ်ခံရပြီဆိုရင် အစိုးရ သတင်းမီဒီယာတွေမှာ အခုလို “ မိမိသဘောဆန္ဒအလျောက် ”၊ ဒါမှမဟုတ် “ ကျန်းမာရေးအရ ” ဆိုတဲ့ အသုံးအနှုန်းတွေနဲ့ ဖော်ပြလေ့ရှိတယ်လို့ ရိုက်တာ သတင်းဌာနက ရေးသားပါတယ်။

အခုလို ဒုတိယဝန်ကြီးနှစ်ဦး ဘာကြောင့်နုတ်ထွက်တယ်၊ သူတို့နေရာမှာ ဘယ်သူတွေကို ခန့်အပ်မယ်ဆိုတာ မသိရပါဘူး။ ဒါပေမဲ့ နေပြည်တော်က အမည်မဖော်လိုသူ အကြီးတန်း အရာရှိတစ်ဦးကတော့ ဒါဟာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ တိုးတက်လာရေးအတွက် သမ္မတရဲ့ကြိုးပမ်းချက် တစိတ်တပိုင်းဖြစ်တယ်လို့ ရိုက်တာသတင်းက ဆိုပါတယ်။

ဒါ့အပြင် ဆက်သွယ်ရေး၊ စာတိုက်နဲ့ ကြေးနန်း ဝန်ကြီးဌာနနဲ့ စွမ်းအင်ဝန်ကြီးဌာနတွေဟာ မြန်မာနိုင်ငံမှာ အရေးကြီးတဲ့ ဌာနတွေထဲမှာ ပါဝင်ကြောင်း၊ အဲဒီဌာနနှစ်ခုမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေနဲ့ ပြည့်ကျပ်နေကြောင်း၊ အခု ဒုတိယဝန်ကြီး နှစ်ဦး နုတ်ထွက်တဲ့ကိစ္စဟာ သမ္မတရဲ့အစီအစဉ်ထဲက တစ်ခု ဖြစ်နိုင်ကြောင်း၊ အစိုးရအဖွဲ့ထဲမှာ နောက်ထပ်အပြောင်းအလဲတွေ ဖြစ်လာနိုင်ဖွယ် ရှိကြောင်းလည်း အဲဒီအရာရှိကြီးက ပြောဆိုခဲ့တယ်လို့ ရိုက်တာက ဖော်ပြပါတယ်။

ပြီးခဲ့တဲ့ နှစ်လလောက်က အစိုးရအဖွဲ့အတွင်း လူပုဂ္ဂိုလ်နဲ့ ရာထူး အပြောင်းအလဲကြီးတွေ ဖြစ်တော့မယ်၊ ဝန်ကြီး ငါးဦး ဖယ်ရှားခံရနိုင်တယ် ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။

မနေ့က ကြေညာခဲ့တဲ့ ဒုတိယဝန်ကြီး နှစ်ဦး ရာထူးက နှုတ်ထွက်တဲ့ ကိစ္စဟာ သမ္မတ ဦးသိန်းစိန် အစိုးရရဲ့ (၁၅) လ သက်တမ်းအတွင်း ပထမဦးဆုံး ဖြစ်ပါတယ်။

အလားတူ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးသာဦးကိုလည်း မိမိ သဘောဆန္ဒအလျောက် ရာထူးက နုတ်ထွက်ခွင့်ပြုလိုက်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။