ဒီပဲယင်းမှာ ဒီဇင်ဘာတစ်လအတွင်း အိမ်ခြေသုံးထောင်ကျော် မီးရှို့ခံရ
2022.12.31

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်အတွင်းက ကြည်ရွာ ဒီဇင်ဘာလ ၃၀ ရက်နေ့မှာ ဒုတိယအကြိမ် မီးထပ်ရှို့ခံရပြီး ဒီဇင်ဘာတစ်လအတွင်း ရွာပေါင်း ၃၀ ခန့်က နေအိမ်သုံးထောင်ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။
“အရှို့ခံရတာ ရွာပေါင်း ၃၀ လောက် ရှိသွားပြီ။ အရှေ့ခြမ်းက ၁၉ ရွာ၊ အနောက်ခြမ်း ၁၀ ရွာလောက် ရှိသွားပြီ။ ကြည်ရွာ၊ ဘုရားထွက်၊ ပျံကျ၊ မကျည်းကောက်၊ ကံပြား၊ ပန်းပု၊ သိမ္ဘာ၊ ယင်းသေ တို့ဆိုရင် အားလုံးပေါင်းရင် ရွာ ၃၀ နီးပါးလောက် ရှိနေပြီ။ အိမ်ခြေပေါင်းက ၃၀၀၀ ကျော်၊ ဒီတစ်လတည်းမှာတင် အရှို့ခံခဲ့ရတာ”
ဒီဇင်ဘာလ ၃၀ ရက် မနေ့က ကြည်ရွာကို စစ်ကောင်စီတပ်သားတွေ ဒုတိယအကြိမ် ဝင်ရောက် မီးရှို့ခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“သိမ္ဘာရွာတို့ ပန်းပုတို့ အဲဒီရွာတွေကို မီးရှို့ပြီးတော့ ကြည်ရွာဘက်ကို ဝင်လာတာ။ မနက်အစောကြီး ရှိသေးတယ်။ ဒေသခံတွေမှာ ဘာမှတောင် ယူချိန်မရဘူး။ ဒီတိုင်း ကိုယ်လွတ်ရုန်းပြေးရတာ။ ပြည်သူတွေက မထင်ဘူး။ ရှို့သွားပြီးပြီဆိုတော့ ရှင်းလင်းရေး လုပ်နေကြတုန်း သေနတ်တွေ ဖောက်ပြီးတော့ ထပ်ဝင်လာတာ”
နှစ်ကြိမ်မီးရှို့ခံရတာကြောင့် အိမ်ခြေ ၇၀၀ ကျော်ရှိတဲ့ ကြည်ရွာမှာ ၂၀၀ လောက်ပဲ ကျန်တော့တယ်လို့ ဆိုပါတယ်။
ကြည်ရွာကို မီးရှို့သွားတဲ့ စစ်ကြောင်းဟာ ယင်းသေရွာကိုပါ ဆက်လက်ဝင်ရောက်ပြီး မီးရှို့ခဲ့တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ အိမ်တွေကိုမီးရှို့တာ သူတို့ တပ်ဖွဲ့ဝင်တွေ မဟုတ်ဘူးလို့ RFA ကို ငြင်းဆိုထားဖူးပါတယ်။
စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောရေးဆိုခွင့်ရှိသူ ဦးအေးလှိုင်ကို RFA က ဆက်သွယ် ခဲ့ပေမယ့် ဖုန်းလက်ခံ ဖြေကြားတာ မရှိပါဘူး။
လွတ်လပ်တဲ့ သုတေသနအဖွဲ့ဖြစ်တဲ့ Data for Myanmar ရဲ့ ဒီဇင်ဘာလ ၁၀ ရက်နေ့ ထုတ်ပြန်ချက်အရ စစ်အာဏာသိမ်းပြီးချိန်ကနေ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက်နေ့အထိ စစ်ကိုင်းတိုင်းမှာ နေအိမ် ၂၇၀၀၀ ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။