ဒီပဲယင်း ၁ဝ နှစ်မြောက် အခမ်းအနား ဒီပဲယင်းမှာ ကျင်းပ
2013.05.30

လွန်ခဲ့တဲ့ ၂ဝဝ၃ ခုနှစ် မေလ ၃ဝ ရက်နေ့က စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် ကျီရွာမှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှု ၁ဝ နှစ်မြောက် နှစ်ပတ်လည် အခမ်းအနားကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်တွေက ဒီကနေ့ကျီရွာမှာ ကျင်းပခဲ့ပါတယ်။
၂ဝဝ၃ ခုနှစ် မေလ ၃ဝ ရက်နေ့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင် ဆန်းစုကြည်၊ ဦးတင်ဦးတို့ပါတဲ့ ယာဉ်တန်းဟာ စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် ကျီရွာအဝင်မှာ လူအုပ်စုရဲ့ အကြမ်းဖက် တိုက်ခိုက်မှုကိုခံခဲ့ရပြီး ဒဏ်ရာရသူ၊ သေဆုံးသူတွေရှိခဲ့ပါတယ်။
အဲဒီနေ့ကို အောက်မေ့တဲ့အနေနဲ့ ဒီနေ့ ကျီရွာမှာ အခမ်းအနားကျင်းပတာဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၁ဝ နှစ်က ဖြစ်ပွားခဲ့တဲ့အဖြစ်ဆိုးမျိုးကို အနာဂါတ် မြန်မာနိုင်ငံမှာ ထပ်မဖြစ်စေချင်တော့ဘူးလို့ ဒီပဲယင်းမြို့နယ် NLD ပါတီဥက္ကဌ ဦးဝင်းမြင့်အောင် က RFA ကိုပြောပါတယ်။
"ကျနော်တို့က အခမ်းအနားရဲ့ရည်ရွယ်ချက်ကတော့ ပါတီကလည်း ပါတီကတစ်လျှောက်လုံး အမျိုးသားပြန်လည်သင့်မြတ်ရေးကို အလေးထားခဲ့တာလေ၊ ကျနော်တို့က သမိုင်းတွေ ဒီဖြစ်ရပ်မျိုး ပြန်ပြီး မဖြစ်စေချင်တော့ဘူး၊ ကျနော်တို့တိုင်းပြည်ရဲ့ အနာဂါတ်မှာလည်း ဒီအဖြစ်မျိုးမဖြစ်ချင်ဘူး၊ တိုင်းပြည်တစ်ပြည်လုံးမှာရှိတဲ့ အနယ်နယ်အရပ်ရပ် ဒေသအားလုံးမှာဖြစ်ပျက်နေတဲ့ မကောင်းတဲ့အရာတွေပေါ့ဗျာ၊ ဒါကို ကျနော်တို့မြို့နယ်ကနေပြီးတော့ ကျော်လွှားပြီးတော့ ပြသတဲ့သဘောပါပဲ၊ အေးချမ်းမှု တည်ငြိမ်မှုနဲ့ ကျနော်တို့အဖွဲ့ချုပ် ဥက္ကဌကြီးရဲ့ လမ်းညွှန်မှုအတိုင်း ကျနော်တို့နောက်တစ်ဆင့်ကလည်း တိုင်းပြည်ကြီးပွားတိုးတက်ဖို့က ရှိသေးတာကိုး"
ဒီအကြမ်းဖက်မှုမှာ သေဆုံးခဲ့ကြတဲ့သူတွေအတွက် ဒီနေ့မနက်ပိုင်းက ကျီရွာ ဘုန်းကြီးကျောင်းမှာ ဘုန်းကြီးအပါး ၃ဝ ကို သင်္ကန်း၊ ဆွမ်းဆက်ကပ် လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။
အခမ်းအနားမှာ ပါတီနာယက ဦးတင်ဦး၊ ဦးဝင်းတင်တို့ရဲ့ သဝဏ်လွှာတွေကို ဖတ်ကြားခဲ့ကြပါတယ်။
ဒီပဲယင်းအဖြစ်အပျက်ကို ကဗျာဆရာ ဦးကြည်မောင်သန်း ရေးစပ်ထားတဲ့ ဒီပရင်္ဂကဗျာကို ရွတ်ဆိုခဲ့ကြပါတယ်။ ဒီနေ့အခမ်းအနားကို ဒေသဆိုင်ရာ အာဏာပိုင်တွေရဲ့ ခွင့်ပြုချက်နဲ့ ကျင်းပခဲ့တာပါ။
ဒီပဲယင်း ၁ဝ နှစ်မြောက် နှစ်ပတ်လည်နေ့နဲ့ ပတ်သက်လို့ RFA သတင်းထောက် ကိုကျော်သူရဲ့ သတင်းပေးပို့ချက်ကို နားဆင်နိုင်ပါတယ်။