ကိုရဲမင်းဦးအမှု အာမခံလျှောက်လဲချက် တရားရုံးပယ်ချ
2013.07.26
ဆူပူအောင်လှုံ့ဆော်မှု ပုဒ်မ ၅ဝ၅(ခ)နဲ့ တရားစွဲခံထားရတဲ့ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဖြစ်မြောက်ရေးကော်မတီ)အဖွဲ့ဝင် ကိုရဲမင်းဦးကို ဒီနေ့ဗဟန်းမြို့နယ် တရားရုံးက အာမခံပယ်ချလိုက်ပါတယ်။
ဒီနေ့ရုံးချိန်းမှာ ကိုရဲမင်းဦးကို အာမခံပေးဖို့ တင်ခဲ့ပေမယ့် မရခဲ့ကြောင်း ကိုရဲမင်းဦးရဲ့ရှေ့နေ ဦးနိုင်လင်းဇော်က RFA ကိုပြောပါတယ်။
“ကျနော်တို့က ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၄၉၇ အရ ကိုရဲမင်းဦးကို အာမခံပေးဖို့အတွက် အာမခံထပ်လျှောက်တာပေါ့၊ အဲဒီအာမခံကို ပယ်တဲ့အမိန့်ချတယ်၊ ဒီအမှုက အာမခံပေးလို့မရတဲ့အမှုလည်းဖြစ်တယ်၊ ဥပဒေအရာရှိကလည်း ကန့်ကွက်တဲ့အတွက်ကြောင့်မို့ဆိုပြီး အဲဒီအကြောင်းပြချက်နှစ်ခုနဲ့ အာမခံကိုပယ်လိုက်ပါတယ်”
ကိုရဲမင်းကို ပြီးခဲ့တဲ့မတ်လ ၂၅ ရက်နေ့က လူတစ်စုက လာရောက်ခေါ်ဆောင်သွားတယ်လို့သာသိရပြီး နောက်ပိုင်းမှာ လူပျောက်တိုင်ကြားမှုအထိ ရှိခဲ့ပါတယ်။ နောက်ပိုင်းမှာ ဆူပူအောင် လှုံ့ဆော်မှုပုဒ်မနဲ့ တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။
ဒီနေ့ရုံးချိန်းမှာ သာသနာရေးဦးစီးဌာနက တာဝန်ရှိသူကိုလည်း စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။
ကိုရဲမင်းဦး အာမခံရအောင် ဆက်လက်ကြိုးပမ်းသွားမယ်လို့ သူ့ရဲ့ရှေ့နေဖြစ်သူက ပြောပါတယ်။