ဒီးမော့ဆိုမြို့ပေါ်က လူနေအိမ်အချို့ လက်နက်ကြီးကျည် ထိမှန်ပျက်စီး

ကယားပြည်နယ် ဒီးမော့မြို့မရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ စက်တင်ဘာလ ၉ ရက် မနေ့ညက ဒုတိယတစ်ကြိမ် ထပ်မံတိုက်ခိုက်ချိန်အတွင်း စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ ပြန်လည်ပစ်ခတ်မှုကြောင့် ငွေတောင်ဆည်ဘေးက နေအိမ်အချို့နဲ့ ဒေါငံခါးရွာက နေအိမ်အချို့ လက်နက်ကြီးကျည် ထိမှန်ပျက်စီး ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မနေ့က ည ၇ နာရီဝန်းကျင်ကနေ ၉ နာရီခန့်အထိ ဒီးမော့ဆိုမြို့နယ်ရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်တွေ ထပ်မံဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီဘက်ကလည်း ငွေတောင်ရွာမှာရှိတဲ့ ခမရ (၁၀၂) နဲ့ ခလရ (၄၂၇) ကနေ လက်နက်ကြီးတွေနဲ့ ပြန်ပစ်ခဲ့တာလို့ ဆိုပါတယ်။
အနည်းဆုံး လူနေအိမ် လေးလုံးပျက်စီးခဲ့သလို လက်နက်ကြီးကျည်တွေဟာ ဒီးမော့ဆိုမြို့ထဲက ဘောလုံးကွင်း ထဲနဲ့ စိုက်ပျိုးရေးသိပ္ပံ ကျောင်းနားတွေမှာလည်း ကျရောက်ပေါက်ကွဲခဲ့တယ့် ဒေသခံပြောပါတယ်။
ဒါ့အပြင် စစ်ဘေးရှောင်ပြည်သူ ၁၅၀ ခန့်ရှိတဲ့ ထီးပွင့်ကန် ဘုန်းတော်ကြီးကျောင်း ခေါင်မိုးတွေပေါ်ကိုလည်း ကျည်ဆံတွေေ ကျရောက်ခဲ့တယ်လို့ ဒေသခံကဆိုပါတယ်။
လူနေရပ်ကွက်တွေထဲကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တဲ့ကိစ္စအပေါ် တုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က နှစ်ကြိမ်တိုင် ဖုန်းခေါ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က စက်တင်ဘာလ ၇ ရက်နေ့ကစပြီး စစ်ကောင်စီကို ပြန်လည် တိုက်ခိုက်မယ်လို့ ကြေညာထားတာကြောင့် ကယားပြည်နယ်ထဲမှာ တိုက်ပွဲဖြစ်ပွားမှုတွေ ပိုများလာနိုင်ပြီး ပြည်သူတွေအနေနဲ့ မစိုးရိမ်ကြဖို့နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ပူးပေါင်းပါဝင်ပေးဖို့ ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီ (KSCC) က ဒီကနေ့မှာထုတ်ပြန်ထားပါတယ်။