ဒီးမော့ဆိုမြို့နယ်မှာ နေအိမ် ငါးလုံး မီးရှို့ခံရ

2021.12.03
ဒီးမော့ဆိုမြို့နယ်မှာ နေအိမ် ငါးလုံး မီးရှို့ခံရ ဒီးမော့ဆိုမြို့နယ် ထူးလွီးဘီလာကျေးရွာမှာ မီးရှို့ခံရတဲ့ နေအိမ်များကို ၂၀၂၁ ဒီဇင်ဘာလ ၃ ရက်နေ့က တွေ့ရစဉ်
Photo: KNDF

ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ် ထူးလွီးဘီလာကျေးရွာမှာ ဒီဇင်ဘာလ ၃ ရက် ဒီနေ့ မွန်းလွဲပိုင်းက နေအိမ်ငါးလုံး မီးရှို့ခံရတယ်လို့ ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။

ဒီနေ့မွန်းလွဲပိုင်းက စစ်ကောင်စီတပ်နဲ့ ကရင်နီတပ်မတော် (KA)၊ KNDF ပူးပေါင်းအဖွဲ့တို့အကြား တိုက်ပွဲ ဖြစ်ပွားခဲ့ပြီးနောက် မီးရှို့ ခံရတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံ တစ်ဦးကပြောပါတယ်။

"ဒီနေ့ရော မနေ့ကရော အိမ်မှာကျန်တာတွေ ပြန်သယ်တာ သယ်လို့လည်း မပြီးပါဘူး။ သေနတ်သံ ကြားရတော့ အမြန်ထွက်ပြေးရတာ။ နောက်တော့ ရွာမှာ မကြာဘူး အဝေးကနေ မြင်ရတာ ရွာထဲမှာ မီးတွေ လောင်တာလှမ်းတွေ့ရတာ။ ဘယ်သူ့အိမ်တွေလဲ ဆိုတာလည်း မသိရဘူး"

မနေ့ကစပြီး ဒီးမော့ဆိုမြို့ပေါ်က ပြည်သူတွေက ကားတွေနဲ့ အိမ်တွေကိုယ်စီ ပြန်ကြပြီး လိုအပ်တဲ့ ပစ္စည်းတွေ ပြန်သယ်နေကြပြီးနောက် ဒီနေ့မှာ တိုက်ပွဲဖြစ်ပွားခဲ့တာတယ်လို့ ဆိုပါတယ်။

လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုကြောင့် အချို့ဒေသခံတွေက အိမ်ကိုမရောက်ခင်မှာဘဲ ပြန်ပြီး ထွက်ပြေးလာခဲ့ ကြတယ်လို့လည်း ပြောပါတယ်။

ဒီနေ့ နှစ်ဖက်တိုက်ပွဲက ပြင်းထန်ခဲ့သလို စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးတွေနဲ့ အဆက်မပြတ် ပစ်ခတ်ခဲ့တယ်လို့ KNDF ကထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီတပ်ဟာ ဒီးမော့ဆိုမြို့ ခြေတော်ရာဘုရားတောင်နဲ့ သဲတောင်တို့မှာ တပ်စွဲထားသလို တောင်ခြေ ရပ်ကွက်တွေမှာ တပ်ဖြန့်ပြီး ပြည်သူတွေရဲ့ ပစ္စည်းတွေကိုလုယူတာ၊ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေ ပြုလုပ်ခဲ့ကြတယ်လို့ KNDF ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒီးမော့ဆိုမြို့နယ်က တိုက်ပွဲတွေနဲ့ နေအိမ်တွေ မီးရှို့ခံရတဲ့ကိစ္စနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က တစ်စုံတစ်ရာ ထုတ်ပြန်တာ မတွေ့ရသေးပါဘူး။

စစ်ကောင်စီပြောခွင့်ရသူ ပြန်ကြားရေး ဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ အရပ်သားတွေရဲ့ နေအိမ်တွေကို မီးရှို့တာဟာ PDF အဖွဲ့တွေကသာ လုပ်ဆောင်တာလို့ မနေ့က ပြောဆိုထားပါတယ်။

ဒီးမော့ဆိုမြို့နယ်အတွင်းမှာ ပြီးခဲ့တဲ့ မေလ ၂၀ ရက်နေ့ကပင် တိုက်ပွဲတွေ စတင်ဖြစ်ပွားလာခဲ့တာဖြစ်ပြီး ဒီနေ့ချိန်ထိ ပျက်စီးဆုံးရှုံးတဲ့ နေအိမ်ပေါင်း ၂၅၀ ကျော်ရှိပြီလို့ ကရင်နီ လူမှု အသင်းအဖွဲ့ ကွန်ယက်က နိုဝင်ဘာလ ၂၃ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။