ဒီးမော့ဆိုမှာ ကရင်နီလက်နက်ကိုင် သုံးဖွဲ့ပေါင်းပြီး စစ်ကောင်စီနဲ့ တိုက်ပွဲဖြစ်နေ၊ ဒေသခံတစ်သောင်း ထွက်ပြေးနေရ

ကယား (ကရင်နီ) ပြည်နယ် ဒီးမော့ဆိုမြို့နယ်ထဲမှာ စက်တင်ဘာလ ၂၅ ရက် မနေ့ကတစ်နေကုန် တိုက်ပွဲ တွေ ပြင်းထန်ခဲ့ပြီး ဒီနေ့မနက်ပိုင်းမှာလည်း တိုက်ပွဲတွေ ဆက်လက်ဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကရင်နီတပ်မတော် (KA)၊ ကရင်နီ အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ KNDF နဲ့ ဒေသခံခုခံကာကွယ်ရေးတပ် PDF တွေ သုံးဖွဲ့ပေါင်းပြီး စစ်ကောင်စီနဲ့ တိုက်နေကြတာဖြစ်ပါတယ်။
တိုက်ပွဲကြောင့် ရွာဆယ်ရွာက ဒေသခံ တစ်သောင်းလောက် ထွက်ပြေးနေကြရတယ်လို့ ဆိုပါတယ်။
တိုက်ပွဲဖြစ်ရာ အနီးနားရွာတွေက အိမ်တွေ ဒီနေ့မနက် မီးလောင်နေတာ တွေ့ခဲ့ရတယ်လို့ ဒီးမော့ဆို ဒေသခံ တစ်ဦးက RFA ကိုပြောပါတယ်။
“စောနားကပဲ လက်နက်ကြီး လက်နက်ကြီးလေးငါးလုံးလောက် ကြားပြီးပြီ။ အခုလည်း ကျနော် ဒီတိုက်ပွဲ ဖြစ်နေတာ လှမ်းကြည့်နေတာ မီးခိုးတွေအများကြီးထွက်တယ်။ ဟိုးမှာမီးရှို့တာလား လက်နက်ကြီးကျလို့ မီးလောင်တာလား မသိဘူးပေါ့နော် အခုကျနော်လှမ်းမြင်နေရတယ်။ ကျနော်နေရာ သေချာတော့မသိဘူး။ ဒါပေမဲ့ ဒီးမော့ဆိုနားတစ်ဝိုက်ပဲ။ အောင်ချမ်းသာလား အဲဒီနားတစ်ဝိုက် လောက်ပဲ။ အခုက ဒီးမော့ဆိုက ကျနော်ခါတိုင်းပြောသလိုပဲ အမြဲတမ်းပစ်ခံနေရတယ်။ D Day မတိုင် ခင်ကလည်း ပစ်ခံနေရသလို အခု D Day နောက်ပိုင်းကလည်း အထိခံနေရတဲ့မြို့ ဖြစ်နေတယ်”
စစ်ကောင်စီတပ်တွေက ထိုးစစ်ဆင်လာတာကြောင့် စက်တင်ဘာ ၂၅ ရက်နေ့ မနေ့ မနက်ပိုင်းကစပြီး အခုလို တိုက်ပွဲတွေ ဖြစ်ရတာဖြစ်ပြီး နှစ်ဖက်ထိခိုက် သေဆုံးမှုတွေရှိတယ်လို့ KNDF တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
“စစ်ကောင်စီကလာတော့ ဖြစ်တယ်။ မနေ့ကတစ်နေကုန် ည ခြောက်နာရီခွဲမှပြီးတယ်။ ကျနော်တို့ဘက် က PDF ရဲဘော်တစ်ယောက်ကျတယ်။ စစ်ကောင်စီဘက်က ဆယ်ယောက်ဝန်းကျင်လောက် စစ်ကောင်စီ ဘက်ကသေတယ်။ ဒဏ်ရာလည်း အမြောက်အများရတယ် စစ်ကောင်စီဘက်ကတော့ မနေ့ညက။ အဓိကကတော့ စစ်ကောင်စီက ကျနော်တို့ ရပ်ကွက်ထဲထိကို တိုးဝင်လာတယ်။ တိုးဝင် လာတော့ အပြန်အလှန် ပစ်ကြတယ်။ စစ်ကောင်စီကတော့ လက်နက်ကြီးအားကိုးနဲ့ ရမ်းသမ်းပစ်တာ များတယ် ပေါ့လေ။ ဘာကြောင့်ပြင်းထန်လည်းဆိုတော့ ကျနော်တို့ဘက်ကတော့ ကျနော်တို့ရှိတဲ့ နေရာအထိ ထိုးလာရင်တော့ စစ်ပွဲကတော့ဖြစ်မှာပဲ ဒါကြောင့်လို့ပဲ ကျနော်ထင်တယ်ဗျ”
ဒီးမော့ဆိုအခြေစိုက် စစ်ကောင်စီတပ်ရင်းတွေကနေ ရွာတွေဘက်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေလို့ လက်နက်ကြီးကျည်တွေကျပြီး နေအိမ်တွေ မီးလောင်ခံရသလို စစ်ကောင်စီက ရွာသားတွေကိုလည်း ဖမ်းဆီးနေတယ်လို့ သူကဆိုပါတယ်။
စစ်ကောင်စီဘက်က ပစ်လိုက်တဲ့ လက်နက်ကြီးကျည်ကြောင့် သေးဆူလဲရွာက သင်းအုပ်ဆရာတစ်ဦးရဲ့ နေအိမ် ထိမှန်ပျက်ဆီးခဲ့ရတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ဒီးမော့ဆိုမြို့နယ်ထဲက ကုန်းသာ၊ ကျောက်ဆည်ကန်၊ သေးဆူလဲ၊ ဒေါ့ငံခါး စတဲ့ ရွာတွေကတော့ အဓိက တိုက်ပွဲဖြစ်တဲ့ ရွာတွေဖြစ်ပြီး အနီးတစ်ဝိုက်က ရွာပေါင်းဆယ်ရွာလောက်က ဒေသခံ တစ်သောင်း နီးပါးလည်း ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
တိုက်ပွဲတွေ ပြင်းထန်နေတဲ့ကြားက ထွက်ပြေးလာရမို့ စားနပ်ရိက္ခာတွေ အပြည့်အ၀ သယ်မလာနိုင်တာ ကြောင့် အခက်အခဲတွေ ရှိနေတယ်လို့ စစ်ဘေးဒုက္ခသည်တွေကို ကူညီပေးနေသူတစ်ဦးက ပြောပါတယ်။
“တိုက်ပွဲအရမ်းပြင်းထန်တယ်။ အဲဒီတော့ နေလို့မရတော့ဘူးဆိုပြီး ကပျာကယာ ထွက်ပြေးလာတယ်။ အခုလောလောဆယ်ဆိုရင် အခုအရှေ့ခြမ်းမှာ တချို့လည်း ရောက်နေတယ်ပေါ့နော်။ သူတို့ မှာလည်း ကပျာကယာ ထွက်ပြေးတဲ့အခါကျတော့ စားနပ်ရိက္ခာတို့ ခြင်ထောင်တို့ မိုးကာတို့တောင်မှ မပါသွား ဘူးပေါ့နော်။ အဲဓိက ကျနော်တို့စိန်ခေါ်မှုက လမ်းကြောင်းအကုန်လုံး ပိတ်ဆို့နေတယ်။ ဘယ်လိုမှ လမ်းကြောင်း ရိက္ခာသယ်လို့ မရလောက်အောင်ကို ဖြစ်နေတာပေါ့နော်။ ကျနော်တို့ သွားမယ်ဆိုလို့ရှိရင် အသက်ကိုဖက်နဲ့ထုပ်ပြီးတော့မှ စွန့်စွန့်စားစားသွားရတဲ့ အခြေအနေမျိုးဖြစ်နေတယ် အခုကလေ”
လက်ရှိမှာ စစ်ကောင်စီတပ်တွေက စစ်အင်အားတိုးချလာတာကြောင့် တိုက်ပွဲတွေ ဆက်လက်ဖြစ်နိုင်ခြေ ရှိတယ်လို့ KNDF တာဝန်ရှိသူတွေက ပြောကြပါတယ်။
ပြီးခဲ့တဲ့စက်တင်ဘာ ၂၄ ရက်နေ့ကလည်း ဒီးမော့ဆိုမြို့နယ် ကုန်းသာကျေးရွာအနီးမှာ နှစ်ဖက်တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး စက်တင်ဘာ ၂၃ မှာမှာတော့ ဖယ်ခုံမြို့နယ်ထဲမှာလည်း တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါသေးတယ်။

ဒီမော့ဆိုမြို့နယ် ဒေါပိုးစီကျေးရွာအနားမှာ စစ်တင်ဘာလ ၂၀ ရက်နေ့က ဖြစ်ခဲ့တဲ့တိုက်ပွဲမှာတော့ KNDF ဘက်က ရဲဘော်တစ်ဦးသေဆုံးပြီး လေးဦး ဒဏ်ရာရခဲ့တယ်လို့ KNDF ဘက်က ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီဘက်ကတော့ အခုရက်ပိုင်း ကယားပြည်နယ်ထဲက တိုက်ပွဲတွေနဲ့ ပတ်သက်လို့ ထုတ်ပြန်တာ မရှိသေးပါဘူး။ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို မေးမြန်းဖို့ RFA က ဒီကနေ့ ဖုန်းဆက် ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်းမရှိပါဘူး။
ဒီးမော့ဆိုမြို့နယ်ထဲမှာ စက်တင်ဘာ လဆန်းပိုင်းကတည်းက တစ်ကျော့ပြန် တိုက်ပွဲတွေ ပြန်လည် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်တွေဘက်က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တာတွေကြောင့် ပြည်သူတွေရဲ့ အသက်၊ အိုးအိမ်စည်းစိမ် ထိခိုက်ပျက်ဆီးတာတွေ ရှိခဲ့သလို စစ်ကောင်စီဟာ ဒေသခံတွေကို ဖမ်းဆီးပြီး နှိပ်စက်သတ်ဖြတ်မှုတွေကိုလည်း ကျူးလွန်နေတယ်လို့ KNDF က ထုတ်ပြန်ထားပါတယ်။