ဒီးမော့ဆိုမှာ တိုက်ပွဲပြင်းထန်ပြီး နေအိမ်တစ်ရာကျော် ပျက်စီး
2023.03.25

ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်အတွင်း တိုက်ပွဲပြင်းထန်နေပြီး လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် နေအိမ်တစ်ရာကျော် ပျက်စီးသွားပြီလို့ KNDF က မတ်လ ၂၅ ရက်မှာ သတင်း ထုတ်ပြန်ပါတယ်။
စစ်ကောင်စီတပ်တွေနဲ့ ဒေသခံ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)၊ ကရင်နီတပ်မတော် (KA) ပူးပေါင်းတပ်တွေအကြား တိုက်ပွဲဖြစ်ပွားနေတာပါ။
ကယားပြည်နယ် ဘောလခဲမြို့ကနေ ဒီးမော့ဆိုမြို့နယ် ဒေါညင်းခူရွာဘက်ကို စစ်ကောင်စီတပ်ရဲ့ ခလရ ၁၂၊ ခမရ ၅၁၅၊ ခမရ ၅၁၆ စတဲ့စစ်ကြောင်း သုံးကြောင်းက စစ်ကြောင်းထိုးလာတဲ့အတွက် ဒေါညင်းခူ၊ ဒေါဆိုဖျ နဲ့ ဒေါတမကြီးရွာတွေအနီး တိုက်ပွဲပြင်းထန်နေပါတယ်။
မတ်လ ၂၀ ရက်ကနေ ၂၃ ရက်အထိ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအတွင်း လက်နက်ခဲယမ်း မီးကျောက်တွေ သိမ်းဆည်းရမိသလို စစ်ကောင်စီတပ်ဘက်က ၉၀ ကျော် သေဆုံးပြီး ၅၀ ကျော် ဒဏ်ရာရကာ KNDF နဲ့ KA ပူးပေါင်းတပ်တွေဘက်က ငါးဦးသေဆုံးတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
တိုက်ပွဲအတွင်း နှစ်ဖက်သေဆုံးထိခိုက်မှုတွေနဲ့ ပတ်သက်လို့ RFA က သီးခြားအတည်မပြု နိုင်သေးပါဘူး။ ဒါနဲ့ ပတ်သက်လို့ စစ်ကောင်စီက သတင်းတစ်စုံတစ်ရာ ထုတ်ပြန်တာ မရှိသေးသလို စစ်ကောင်စီရဲ့ ကယားပြည်နယ်ပြောခွင့်ရသူ ဦးအောင်ဝင်းဦးကို RFA က ဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိသေးပါဘူး။
ကရင်နီစစ်ဘက်ဆိုင်ရာ သတင်းထုတ်ပြန်ရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ခူညေးရယ်ကတော့ စစ်ကောင်စီတပ်က ထိုးစစ်ဆင်လာလို့ တိုက်ပွဲပြင်းထန်နေတာလို့ ပြောပါတယ်။
“ကျနော်တို့ဆီကိုလာတိုက်တော့ ကျနော်တို့က ပြန်ခုခံရတာပဲပေါ့။ အခုက ကျနော်တို့က လာတိုက်တာမဟုတ်ဘူးလေ။ ကျနော်တို့နေတဲ့နေရာကို လာတိုက်တာလေ။ လာတိုက် တော့ ပြန်ခုခံရတာပေါ့”
တိုးတက်သော ကရင်နီပြည်သူ့အင်အားစု (PKPF) ရဲ့ စာရင်းတွေအရ စစ်အာဏာ သိမ်းပြီးနောက် ကယားပြည်နယ်အတွင်း တိုက်ပွဲပေါင်း ၅၈၆ ကြိမ် ဖြစ်ပွားခဲ့ပါတယ်။