ဆန္ဒပြခွင့်ဆိုင်ရာ နည်းဥပဒေ ထုတ်ပြန်ဖို့ ကျန်နေသေး

ငြိမ်းချမ်းစွာ စုဝေးခွင့်နဲ့ စီတန်းလမ်းလျှောက် ဆန္ဒပြခွင့် ဆိုင်ရာ ဥပဒေမူကြမ်းကို ပြည်ထောင်စု လွှတ်တော်က အတည်ပြုပြီးတာကြောင့် လာမယ့် ဒီဇင်ဘာလအတွင်း သမ္မတဦးသိန်းစိန် လက်မှတ်ရေးထိုးဖို့သာ ကျန်ပြီး နည်းဥပဒေကို ထုတ်ပြန်ပြီးတာနဲ့ တရားဝင် ဆန္ဒပြခွင့် လျှောက်ထားနိုင်တော့မယ်လို့ သိရပါတယ်။

လာမယ့် (၁၄)ရက် အတွင်း သမ္မတက လက်မှတ်ရေးထိုးဖို့ ရှိကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် တစ်ဦးဖြစ်တဲ့ ဒေါက်တာ မြတ်ဉာဏစိုးက RFAကို ပြောပါတယ်။ အခု အတည်ပြုလိုက်တဲ့ ဆန္ဒပြခွင့်ဆိုင်ရာ ဥပဒေမူကြမ်းမှာ ကန့်သတ်ချက်တချို့ပါဝင်ပြီး၊ လက်နက်ကိုင် တပ်ဖွဲ့ဝင်တွေ ဆန္ဒပြခွင့် မရှိသလို လူအများ စုဝေးတတ်တဲ့ ဆေးရုံ၊ ကျောင်း၊ ဈေး စတဲ့နေရာတွေရှေ့မှာ ဆန္ဒပြခွင့် ပိတ်ပင်ထားပါတယ်။ ဒါ့အပြင် နိုင်ငံခြားသံရုံးတွေ ရှေ့မှာလည်း ဆန္ဒပြခွင့်မရှိဘဲ သံရုံးရှေ့က ဖြတ်ပြီး စီတန်းလှည့်လည် ဆန္ဒပြတာမျိုးကိုတော့ ခွင့်ပြုထားတယ်လို့ သိရပါတယ်။ ဆန္ဒပြရာမှာ ကြွေးကြော်သံတိုင်တာ အလံလွှင့်ထူ ကိုင်ဆောင်တာ ဆိုင်းဘုတ်တွေ ကိုင်ဆောင်တာ မျိုးကိုလည်း ခွင့်ပြုထားပါတယ်။ ဆန္ဒပြခွင့်ဆိုင်ရာ ဥပဒေမူကြမ်း အတည်ပြုလိုက်တာနဲ့ ပတ်သက်ပြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ မြတ်ဉာဏစိုးကို အာရ်အက်ဖ်အေဝိုင်းတော်သား ကိုဉာဏ်ဝင်းအောင်က ဆက်သွယ် မေးမြန်း ထားပါတယ်။

0:00 / 0:00