ပွင့်လင်းမြင်သာမှုနှင့် ဒီမိုကရေစီယဉ်ကျေးမှု ထွန်းကားဖို့ လိုအပ်ကြောင်း အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ပြောကြား
2012.09.15

အခမ်းအနားမှာ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ဒီမိုကရေစီစနစ် ကျင့်သုံးတဲ့နိုင်ငံမှာ ပွင့်လင်းမြင်သာမှုနဲ့တကွ ဒီမိုကရေစီ ယဉ်ကျေးမှု ထွန်းကားဖို့ လိုတယ်လို့ ပြောကြားခဲ့ပါတယ်။
အခမ်းအနားမှာ တိုင်းရင်းသားပါတီ (၁၇) ပါတီနဲ့ ကျောင်းသားလူငယ်တွေ၊ လူထုကိုယ်စားပြု ကိုယ်စားလှယ်တွေက ဒီမိုကရေစီဆိုင်ရာ စာတမ်းတွေ ဖတ်ကြားခဲ့ကြပြီး အခမ်းအနားကျင်းပရေး ကော်မတီ ဥက္ကဋ္ဌ ဦးဌေးဦးနဲ့ အဖွဲ့ဝင်တွေက သတင်းစာဆရာတွေရဲ့ မေးမြန်းချက်တွေကို ဖြေကြားခဲ့ပါတယ်။
ဦးသိန်းစိန်အစိုးရ တက်လာပြီးတဲ့နောက် ဒုတိယမြောက် ကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အခမ်းအနားကို ဦးခင်အောင်မြင့် အပါအဝင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးရွှေမန်း၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး၊ လွှတ်တော် ကိုယ်စားလှယ်တွေ၊ နိုင်ငံရေးပါတီတွေက ကိုယ်စားလှယ်တွေ၊ IPU နိုင်ငံတကာ ပါလီမန်အမတ်များ သမဂ္ဂအဖွဲ့က ကိုယ်စားလှယ်တွေ၊ စာပေ၊ ဂီတ၊ အနုပညာနဲ့ လူမှုရေးနယ်ပယ်က ပုဂ္ဂိုလ်တွေ စုစုပေါင်း လူ ၅၀၀ လောက် တက်ရောက်ခဲ့ကြပါတယ်။
အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အထိမ်းအမှတ် ငြိမ်းချမ်းရေး ဆုတောင်းပွဲကို မန္တလေးမြို့မှာလည်း မန္တလေးခရိုင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ အဖွဲ့က ဦးဆောင်ပြီး မဟာအောင်မြေမြို့နယ်၊ ပေါ်တော်မူ ဆုတောင်းပြည့်စေတီမှာ မနေ့ ညနေပိုင်းက ကျင်းပခဲ့ပါတယ်။
အခမ်းအနားမှာ ကချင်ပြည်နယ်က စစ်ပွဲတွေ၊ မြေယာပြဿနာ၊ အလုပ်ရှင် အလုပ်သမားပဋိပက္ခ၊ လက်ပံတောင်းတောင် ပြဿနာ စတာတွေအားလုံး အဆင်ပြေငြိမ်းချမ်းစေရေး ဆုတောင်းစာတွေကို မီးပုံးပျံတွေပေါ် ရေးသားပြီး လွှတ်တင်ခဲ့ကြပါတယ်။
ဆုတောင်းပွဲကို ရဲအထူးသတင်းတပ်ဖွဲ့က စောင့်ကြည့် မှတ်တမ်းယူတာနေကလွဲလို့ အနှောင့်အယှက် အဟန့်အတား တစ်စုံတစ်ရာ မရှိခဲ့ဘူးလို့ သိရပါတယ်။