ငြိမ်းချမ်းရေး ညီလာခံ ရွှေ့ဆိုင်းဖို့ အဖွဲ့အစည်း ၁၂ဝ ကျော် တောင်း ဆို


2016.01.07
updjc-620.jpg နေပြည်တော်၊ Horizon Lake View ဟိုတယ်မှာ ၂ဝ၁၅ ခုနှစ် ဒီဇင်ဘာလ ၁၄ ရက်နေ့ကကျင်းပတဲ့ UPDJC ရဲ့ တတိယအကြိမ် စုံညီအစည်းအဝေးမှာ နိုင်ငံရေးဆွေးနွေးပွဲများကျင်းပနိုင်ရေး ဆွေးနွေးကြစဉ်
Photo:Myo Thant Khaing/RFA

တိုက်ပွဲတွေဖြစ်နေတဲ့အတွက် လာမယ့် ဇန်နဝါရီလ ၁၂ ရက်နေ့မှာ စတင်ကျင်းပမယ့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကို ရွှေ့ဆိုင်းပေးဖို့ အရပ်ဖက်လူမှုအဖွဲ့အစည်း ၁၂ဝ ကျော်က ဇန်နဝါရီလ ၅ ရက်နေ့က ကြေညာချက် ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။

တစ်နိုင်ငံလုံးအပစ်ခတ်ရပ်စဲရေးစာချုပ်မှာ လက်မှတ်ထိုးထားတဲ့ လက်နက်ကိုင်တပ်ဖွဲ့တချို့နဲ့ တိုက်ပွဲတွေ ပြန်ဖြစ်နေ တဲ့အတွက် အပြန်အလှန်ယုံကြည်မှု တည်ဆောက်ဖို့ လိုအပ်နေဆဲဖြစ်တာကြောင့် အခုလိုတောင်းဆိုတာဖြစ်တယ် လို့ ကရင်နီပြည် လူငယ်များသမဂ္ဂက ကိုထင်အောင်ကျော်က ပြောပါတယ်။

"တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ်ကို တကယ်တမ်း လက်မှတ်ထိုးသွားတဲ့ အဖွဲ့တွေနဲ့တောင်မှ တိုက်ပွဲဆက်ဖြစ်တယ်ဆိုတဲ့အတွက်ကြောင့်မို့လို့ စစ်ရေး၊ နိုင်ငံရေး အာမခံချက်တွေ ဆိုတာလည်း မေးခွန်းထုတ်စရာတွေဖြစ်လာတာ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ အခုလိုကာလမှာ သေသေ ချာချာ အပြန်အလှန်ယုံကြည်မှု တည်ဆောက်ပြီးတော့မှ လုပ်ကိုင်ဆောင်ရွက်သင့်တဲ့အချိန်ဖြစ်တယ်၊ ကျနော်တို့ လူထုတွေအတွက် ရေရှည်တည်တန့်တဲ့ ငြိမ်းချမ်းရေး မခံစားရပဲဖြစ်သွားမှာ စိုးရိမ်တဲ့ အတွက်ကြောင့်မို့လို့ အခုလိုဝိုင်းဝန်းတိုက်တွန်း တောင်းဆိုရခြင်းခြင်းပဲဖြစ်ပါတယ်"

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို ခေါ်ယူကျင်းပမယ်ဆိုရင် ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းတွေ မှာ ဖြစ်နေတဲ့ တိုက်ပွဲတွေကို လျစ်လျုရှုသလိုဖြစ်နိုင်ကြောင်းနဲ့ တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး သဘောတူ စာချုပ်မှာ ကျန်တဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ လက်မှတ်မရေးထိုးတဲ့ အခြေခံသဘောတရား ကို ပြန်လည်စိစစ်ဖို့ လိုအပ်ကြောင်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

အဲ့ဒီသဘောထားထုတ်ပြန်ချက်ကို ရခိုင်ပြည်နယ်လုံးဆိုင်ရာ ကျောင်းသားနဲ့ လူငယ်များအစည်းအရုံး၊ ကချင်ကျောင်းသားလူငယ်များ အစည်းအရုံး၊ မွန်ပြည်နယ်လူ့အခွင့်အရေးဖောင်ဒေးရှင်း၊ ကရင်လူ့အခွင့်အရေးအဖွဲ့၊ ကချင်အမျိုးသမီးအစည်းအရုံးအပါအဝင် အရပ်ဖက်လူမှုအဖွဲ့အစည်း ၁၂ဝ ကျော်က ပါဝင်လက်မှတ်ရေးထိုးထား တာဖြစ်ပါတယ်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို အစိုးရ၊ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့၊ နိုင်ငံရေးပါတီတွေ နဲ့ လေ့လာသူတွေ စုစုပေါင်း ၇၅ဝ တက်ရောက်မှာဖြစ်ပြီး လာမယ့် ဇန်နဝါရီလ ၁၂ ရက်နေ့ကနေ ၁၆ ရက်နေ့ အထိ ၅ ရက်ကြာ နေပြည်တော်မှာ ကျင်းပဖို့ အစိုးရက စီစဉ်ထားတာဖြစ်ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ မြန်မာ့အရေးပူးပေါင်းဆောင်ရွက်သူများ (Burma Partnership) အဖွဲ့က ဒေါ်ခင်ဥမ္မာကို RFA အဖွဲ့သူ မသင်းသီရိ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့၈ဖွဲ့ထဲက PNLO ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ ဥက္ကဌ ဦးခွန်မြင့်ထွန်းကတော့ ဇန်နဝါရီလ ၁၂ရက်နေ့မှာ စတင်ကျင်းပမယ့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ အပေါ် ဝေဖန်မှုတွေရှိနေပေမယ့် ညီလာခံကိုတော့ မဖြစ်မနေကျင်းပရမှာ ဖြစ်တယ်လို့ ပြောပါတယ်။  ဦးခွန်မြင့်ထွန်း ကို ဦးတင်အောင်ခိုင်ဆက်သွယ်မေးမြန်းထားတာကိုလည်း နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။