ဓါတ်ဆီ ဒီဇယ်စတဲ့ စက်သုံးဆီ လက်လီဈေးနှုန်းတွေဟာ အဆမတန် ဈေးကြီးနေတာကြောင့် အသင်းက သတ်မှတ်ထားတဲ့ ဈေးနှုန်းအတိုင်းသာရောင်းချကြ ဖို့ မြန်မာနိုင်ငံ စက်သုံးဆီတင်သွင်းရောင်းချ ဖြန့်ဖြူးရေးအသင်းက တိုက်တွန်းလိုက်ပါတယ်။
မြန်မာနိုင်ငံ စက်သုံးဆီတင်သွင်းရောင်းချဖြန့်ဖြူးရေးအသင်းက အပတ်စဉ် ထုတ်ပြန်တဲ့ ဈေးနှုန်းအတိုင်းမဟုတ်ဘဲ ဈေးပိုတင်ရောင်းတာတွေ ရှိနေတဲ့အတွက် မနေ့က ကြေညာချက်ထုတ်ပြန်ပြီး တိုက်တွန်းလိုက်တာ ဖြစ်ပါတယ်။ အဲဒီအတွက် ဒီဇယ် တစ်ဂါလံကို ကျပ် ၃၀၀၀ ကျော် ဈေးရှိတာကနေ ကျပ် ၂၂၀၀ ဈေးလောက်ထိ ကျသွားနိုင်လိမ့်မယ်လို့ မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်းရောင်းချ ဖြန့်ဖြူးရေးအသင်းက ရုံးအဖွဲ့မှုး ဗိုလ်မှူးကြီး ဝင်းနိုင်က ပြောပါတယ်။
"တစ်ဂါလံကို ၄.၅၊ ၄.၆ လီတာရှိတာကို၊ တစ်ဂါလံကို ၂၂ဝဝ ကျော်သွားတာပေါ့နော်၊ ဟိုးအရင်ကထက်တော့ အများကြီးသက်သာတာပေါ့ဗျာ၊ အရင်ကတော့ ၃ဝဝဝ ကျော်လောက်ရှိတာပေါ့၊ တော်တော်လေးသက်သာသွားတာပေါ့၊ ရေနံ ဈေးနှုန်း ကျသွားတာလည်းပါတယ်၊ ငွေလဲနှုန်းကလည်း သိသိသာသာကြီးမြင့်မားလာတာ မရှိတဲ့အခါကျတော့ သယ်ယူစရိတ်တွေကလည်း မြင့်မားလာတာ မရှိတော့ တာလည်းပါတာပေါ့လေ"
အသင်းက သတ်မှတ်လိုက်တဲ့ဈေးနှုန်းတွေကတော့ ဒီဇယ်တစ်လီတာ ၅၀၀ ကျပ်၊ 92 Ron တစ်လီ တာ ၅၅၀ ကျပ် ၊ အဆင့်မြင့်ဒီဇယ်တစ်လီတာ ၅၆၀ ကျပ် နဲ့ 95 Ron တစ်လီ တာ ၆၆၀ ကျပ်ဆိုပြီး သတ်မှတ်လိုက်တာ ဖြစ်ပါတယ်။
ကမ္ဘာ့ဈေးကွက်မှာ ဓါတ်ဆီနဲ့ ဒီဇယ်ဆီဈေးနှုန်းတွေ သိသိသာသာကျဆင်းနေပေမယ့် မြန်မာနိုင်ငံမှာတော့ ဈေးကြီးပေးပြီး ဝယ်ယူသုံးစွဲနေကြရတာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်းရောင်းချ ဖြန့်ဖြူးရေးအသင်းက ရုံးအဖွဲ့မှူး ဗိုလ်မှူးကြီး ဝင်းနိုင်ကို RFA သတင်းထောက် ကိုကျော်သူ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။