တရုတ်- မြန်မာနယ်စပ် ကုန်သွယ်ရေး ကျဆင်း

မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန် ကို တွေ့ရစဉ်
မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန် ကို တွေ့ရစဉ် (Photo: Kan Thar/ RFA)

မြန်မာနိုင်ငံက တင်ပို့တဲ့ ကုန်ပစ္စည်းတွေကို ၂၀၁၈ ခုနှစ် နောက်ပိုင်းကစလို့ တရားမဝင်ကုန်သွယ်မှုအဖြစ် တရုတ်နိုင်ငံဘက်က တားဆီးနှိမ်နင်းနေတာကြောင့် ဒေါ်လာသန်းချီပြီး ကုန်သွယ်ရေးကျဆင်းနေရကြောင်း တရုတ် - မြန်မာ နယ်စပ် ၁၀၅ မိုင်ဇုန် နယ်စပ်ကုန်သွယ်ရေး ညွှန်ကြားရေးမှူး ဦးတင်ရဲဝင်းက RFA ကို ပြောပါတယ်။

တရုတ်နိုင်ငံဘက်က ဖမ်းဆီးနှိမ်နင်းနေတဲ့ ပဲ၊ ပြောင်း၊ ဆန်နဲ့ ကျွဲ၊ နွားတွေကို နှစ်စဉ်ပမာဏ အများအပြားနဲ့ မြန်မာဘက်က တင်ပို့ရာမှာ မနှစ်ကစလို့ တရုတ်ဘက်က နှိမ်နှင်းလာတာဖြစ်ပါတယ်။

ဒီကုန်ပစ္စည်းတွေကို မြန်မာဘက်က တရားဝင်ကုန်ပစ္စည်းအဖြစ် သတ်မှတ်ထားပေမယ့် တရုတ်ကတော့ တရားမဝင် ကုန်ပစ္စည်းများအဖြစ်သာ အရင်ကတည်းက သတ်မှတ်ထားတာပါ။

လက်ရှိမှာ တရုတ်နယ်စပ်ဂိတ်တွေကနေ မြန်မာဘက်က တစ်နိုင်တစ်ပိုင် သယ်လာတဲ့ ပစ္စည်းတွေကအစ ပိတ်ပင်တာတွေ ရှိနေပြီး တရုတ်နိုင်ငံက ကုန်ပစ္စည်းတွေကတော့ မြန်မာနိုင်ငံဘက်ကို အတားအဆီးမရှိ အားလုံးဝင်နေကြတယ်လို့ နယ်စပ်ကုန်သည်တွေက ပြောကြပါတယ်။

ရှမ်းပြည်နယ် မြောက်ပိုင်းက မူဆယ် ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေးဇုန်ဟာ ကုန်သွယ်ရေးစခန်း ၁၅ ခု ရှိတဲ့ အထဲက အကြီးဆုံး နယ်စပ်ကုန်သွယ်ရေးစခန်းတစ်ခု ဖြစ်ပါတယ်။

ရေထွက်ကုန်နဲ့ လယ်ယာထွက်ကုန်တွေဖြစ်တဲ့ ပဲ၊ ပြောင်း၊ နှမ်း၊ ဆန်၊ စပါး၊ ကျွဲ၊ နွား စတာတွေကို မြန်မာဘက် က တင်ပို့တာဖြစ်ပြီး တရုတ်နိုင်ငံဘက်က စားသောက်ကုန်၊ လူသုံးကုန်၊ လျှပ်စစ်ပစ္စည်း၊ အထည်အလိပ်၊ ဆောက်လုပ်ရေးပစ္စည်းအမျိုးမျိုး နဲ့ စက်ယန္တယားတွေကို မြန်မာနိုင်ငံထဲကို တင်သွင်းနေတာဖြစ်ပါတယ်။

ဒီကုန်သွယ်ရေး လမ်းကြောင်းဟာ မြန်မာနိုင်ငံဘက်က ပို့ကုန်ပမာဏ အများဆုံး တင်ပို့တဲ့လမ်းကြောင်းဖြစ်ပြီး တစ်နိုင်ငံလုံးရဲ့ ၆၅ ရာခိုင်နှုန်းရှိတယ်လို့ သိရပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုရဲထက် ပေးပို့လိုက်တာပါ။