စစ်တပ်နဲ့ ရဲတပ်ဖွဲ့ရဲ့ ပစ်ခတ်သတ်ဖြတ်မှုကြောင့် ဒီနေ့သေဆုံးတဲ့သူ အနည်းဆုံး ခုနစ်ယောက်ရှိတယ်လို့ RFA က ကနဦးသတင်းရရှိပါတယ်။
ရန်ကုန်မှာ လေးဦး၊ ပဲခူးမှာ နှစ်ဦး၊ ပခုက္ကူမှာ တစ်ဦး ဖြစ်ပါတယ်။
ရန်ကုန်၊ တာမွေမြို့နယ် ကျောက်မြောင်းရပ်ကွက်ထဲမှာ စစ်တပ်နဲ့ ရဲရဲ့ ပစ်ခတ်သတ်ဖြတ်မှုကြောင့် ကိုသက်ပိုင်စိုး (၂၈ နှစ်)ဟာ ဦးခေါင်းကို သေနတ်ကျည်ထိမှန်ပြီး ဒီမနက် နေရာမှာတင်ပွဲချင်းပြီး သေဆုံးသွားပါတယ်။
ကိုသက်ပိုင်စိုးကို ဒီကနေ့ ညနေပိုင်းမှာပဲ ရေဝေးသုဿန်မှာ ချက်ချင်းသဂြိုလ်လိုက်ပြီးတော့ သူကျဆုံးသွားတဲ့နေရာမှာ ဒီကနေ့ည ရပ်ကွက်နေပြည်သူတွေ စုရုံးပြီး ဆုတောင်းခဲ့ကြပါတယ်။
ရန်ကုန်၊ သာကေတမြို့နယ်ထဲမှာ စစ်တပ်နဲ့ ရဲတပ်ဖွဲ့တွေ အကြမ်းဖက်ပစ်ခတ်မှုကြောင့် ပြည်သူနှစ်ဦးနေရာမှာတင် ပွဲချင်းပြီးသေဆုံးသွားပါတယ်။ခေါင်းကို သေနတ်ကျည်ထိမှန်ပြီး သေဆုံးသွားတာလို့ ဒေသခံတွေက RFA ကိုပြောပါတယ်။
ရန်ကုန် လှိုင်မြို့နယ်မှာလည်း မနေ့ညက ပစ်ခတ်ဖမ်းဆီးခံရတဲ့သူ နှစ်ဦးထဲက တစ်ဦး ဒီနေ့ မနက်သေဆုံးသွားပါတယ်။
သေဆုံးသူ ကိုမျိုးမြင့်အောင် (အသက် ၂၆ နှစ်) ရဲ့အလောင်းကို စစ်တပ်က ဒီမနက်မှာ လာရောက်ထုတ်ယူဖို့ အကြောင်းကြားခဲ့တာကြောင့် မိသားစုဝင်တွေ သွားရောက်ထုတ်ယူခဲ့တယ်လို့ ဆိုပါတယ်။ မနေ့ညက ဖမ်းဆီးခံရတဲ့ ကိုကျော်စွာနဲ့ မိသားစုဝင်တွေ အဆက်အသွယ်မရသေးပါဘူး။
ပဲခူးမြို့ စံတော်တွင်း လမ်းမှာ ဒီကနေ့မှာ စစ်တပ်နဲ့ ရဲတွေရဲ့ ပစ်ခတ်သတ်ဖြတ်မှုကြောင့် နှစ်ဦးသေဆုံးသွားပါတယ်။
ဒီနေ့ ပဲခူးမှာ ပစ်ခတ်မှုကြောင့် နှစ်ဦး ပွဲချင်းပြီး သေဆုံးသွားတာဖြစ်ပြီး ၁၁ ဦးဒဏ်ရာရရှိထားပြီးတော့ ခြောက်ဦး ဖမ်းဆီးခံခဲ့ရတယ်လို့ ဒေသခံသတင်းဌာနဖြစ်တဲ့ ပဲခူးအပတ်စဉ်အွန်လိုင်းသတင်းက အတည်ပြုထားပါတယ်။
ပစ်ခတ်မှုတွေ ရှိပေမယ့် ညပိုင်း ရပ်ကွက်တွင်း ထိုင်သပိတ်တွေဆက် ရှိနေတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှာလည်း မနေ့ညက ဖမ်းဆီးသွားတဲ့ ဒေါ်မာလာဝင်း (၃၉ နှစ်) ဒီမနက် သေဆုံးသွားပြီး အလောင်းလာယူဖို့ စစ်တပ်က အကြောင်းကြားတယ်လို မိသားစုတွေဆီက သိရပါတယ်။
RFA က ကောက်ယူထားတဲ့ စာရင်းတွေအရ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းချိန်ကစပြီး ဒီကနေ့အထိ စစ်တပ်နဲ့ ရဲရဲ့ ပစ်ခတ်သတ်ဖြတ်မှုကြောင့် သေဆုံးသူ ၂ဝဝ ကျော် ရှိသွားပါပြီ။